ရေပူဆရာတော် ရုံးချိန်း၊ ဒေသခံ လေးထောင်ကျော် တက်မည်

မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ရစဉ် Photo:Hset Paing Toe/RFA
 မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်က ရေပူကျောင်းတိုက် ဆရာတော် ဖမ်းဆီးခံထားရတာကို ၀မ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ မြို့ခံလေးထောင်လောက်က မနက်ဖြန် အနက်ရောင်လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ သိရပါ တယ်။

ဆရာတော်ကို မနက်ဖြန် မိုးကုတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်မှာဖြစ်တဲ့အတွက် အဲဒီရုံးချိန်းကို မြို့ခံ ၄ထောင်လောက် က သွားမှာဖြစ်တယ်လို့ မိုးကုတ်မြို့နယ် ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အတွင်းရေးမှူး ဦးစိုးဌေး က ပြောပါတယ်။

"ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် Black Campaign လုပ်ကြမယ်၊ အဝတ်စအမည်းလေးတွေကို လက်မောင်း မှာ ချည်ခြင်းအားဖြင့် မနက်ဖြန်စလုပ်ကြမယ်၊ နောက်ကား၊ ဆိုင်ကယ်ပေါ်မှာ စက္ကူအမည်းလေးတွေကို ကပ်ထားမယ်၊ ကျနော်တို့ မနက်ဖြန် အဖြေကိုစောင့်ကြည့်မယ်၊ အဖြေက မတရားပုဒ်မတွေနဲ့ တပ်ပြီးတော့ အရေးယူခဲ့မယ်ဆိုရင် ဆန္ဒပြဖို့စတင်သွားမယ်၊ မြို့နယ်လုံးကျွတ် ဆန္ဒပြဖို့အထိလုပ်မယ်"

ဒါ့အပြင် ရေပူဆရာတော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို ရေပူကျေးရွာ လူငယ်တွေက မနေ့ကစပြီး ကောက်ယူနေပါတယ်။

ဆရာတော်ဟာ ရေပူကျောင်းတိုက်အတွင်းမှာ ကျောင်းအသစ်ဆောက်လုပ်ဖို့နဲ့ ဘုရားတည်ဖို့ မြေညှိတာကို တရားမ၀င်ကျောက်တူးဖော်တယ်ဆိုပြီး မိုးကုတ်မြို့မရဲစခန်းက သာသနာတော်ညှိးနွမ်းစေမှု၊ တရားမဝင် ကျောက် မျက်တူးဖော်မှု၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှုတို့နဲ့ ဆရာတော်ကို ဇွန်လ ၉ ရက်နေ့က လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရေပူဆရာတော် ရုံးချိန်း၊ ဒေသခံ လေးထောင်ကျော် တက်မည်  ရေပူဆရာတော် ရုံးချိန်း၊ ဒေသခံ လေးထောင်ကျော် တက်မည် Reviewed by သစ်ထူးလွင် on 06:31 Rating: 5
Powered by Blogger.