နှစ်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး အိန္ဒိယ အဆို၊ မြန်မာ ပယ်ချ

အိန္ဒိယဝန်ကြီးချူပ် နရင်ဒရာမိုဒီပုံ Photo: india news
အိန္ဒိယ မြန်မာနယ်စပ်၊ မြန်မာနိုင်ငံပိုင်နက်အတွင်း ခိုအောင်းပြီး အိန္ဒိယအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ NSCN ခေါ် နာဂသူပုန်အဖွဲ့ရဲ့ အမာခံတပ်တွေ ကို နှစ်နိုင်ငံ အတူ ပူးပေါင်းပြီး စစ်ဆင်ရေးဆင်နွဲတိုက်ခိုက်ဖို့ အိန္ဒိယအစိုးရရဲ့ အဆိုပြုချက်ကို မြန်မာအစိုးရက လက်မခံ ပယ်ချလိုက်တယ်လို့ အိန္ဒိယ သတင်းစာတွေက ဖေါ်ပြ ကြပါတယ်။

နာဂသူပုန်တွေကို အိန္ဒိယ စစ်တပ် အထူးတပ်ဖွဲ့တစ်ဖွဲ့က မြန်မာ့ပိုင်နက်ထဲအထိ လိုက်လံတိုက်ခိုက် ချေမှုန်းခဲ့ရာမှာ သူပုန်စခန်းနှစ်ခု ကျသွားခဲ့တယ်လို့ အိန္ဒိယ သတင်းတွေကဖေါ်ပြခဲ့ကြပါတယ်။ မြန်မာသမ္မတရုံး ကတော့ အိန္ဒိယ တပ်တွေဟာ သူတို့ဘက်ခြမ်းမှာသာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းငြင်းဆိုပါတယ်။

အဲဒီနောက် အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval မြန်မာနိုင်ငံကို လာရောက် ပြီး သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စတွေ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

သတင်းရင်းမြစ်တွေအရ Ajit Doval ရဲ့ နှစ်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲတိုက်ခိုက် ဖို့အဆိုနဲ့ပတ်သက် ပြီး မြန်မာဘက်မှာ အကန့်အသတ်တွေ ရှိနေကြောင်း၊ ဒါ့ပြင် အိန္ဒိယ တပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် နာဂသူပုန်တွေ ဟာ မြန်မာနိုင်ငံအတွင်း ပိုင်းထဲကို ပိုရောက်လာကြောင်း ပြောဆိုခဲ့တယ်လို့ အိန္ဒိယ သတင်းစာတွေက ဖေါ်ပြကြ ပါတယ်။

အိန္ဒိယတပ်တွေဟာ မြန်မာဘက်ခြမ်းကို ၁၀ ကီလိုမီတာအထိသာ အကန့်အသတ်နဲ့ ၀င်ရောက်ဖို့ပြောဆိုခဲ့ပေမဲ့၊ ၇၅ ကီလိုမိတာ အထိ ၀င်ရောက်ခဲ့ကြတယ် လို့လည်း ဖေါ်ပြပါတယ်။

အခုလို အိန္ဒိယတပ်တွေ မြန်မာပိုက်နက်ထဲ ၀င်ရောက်ခဲ့တဲ့သတင်းတွေနဲ့ ပတ်သက်ပြီး အိန္ဒိယ ပြည်တွင်းပြည်ပ မှာ ဝေဖန်ပြောဆိုနေကြပေမဲ့ အိန္ဒိယ ၀န်ကြီးချုပ် မိုဒီ ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတရာ မပြောဆိုခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ၀င်ရောက်ခဲ့တဲ့ အထူးတပ်ဖွဲ့နဲ့ တိတ်တဆိတ်တွေ့ဆုံခဲ့တယ်လို့ The Hindu သတင်းစာ က ဖေါ်ပြလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နှစ်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး အိန္ဒိယ အဆို၊ မြန်မာ ပယ်ချ နှစ်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး အိန္ဒိယ အဆို၊ မြန်မာ ပယ်ချ Reviewed by သစ်ထူးလွင် on 17:51 Rating: 5
Powered by Blogger.