အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်နှင့် လက်နက်များ အီရတ်စစ်တပ် ဖမ်းမိ


အီရတ်တပ်ဖွဲ့တွေဟာ ဆာလာဟူဒင်ပြည်နယ်ထဲက ဆာမာရာဒေသ အနောက်ဘက်မှာ နယ်မြေပြန်ရယူရေး တိုက်ပွဲတွေ အတွင်းမှာ အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။

မျက်လုံးတွေကို ဖုံးအုပ်စည်းနှောင်ပြီး လက်နောက်ပြန် ကြိုးတုပ်ထားတဲ့ အနက်ဝတ်စုံနဲ့ လူ ၂၄ ဦးကို မီဒီယာတွေမှာ ထုတ်ပြပါတယ်။

သူတို့နဲ့အတူ အမြောက်တွေ၊ ဗုံးတွေ အမျိုးစုံ အပါအ၀င် ဖမ်းဆီးရမိတဲ့ လက်နက်ငွေကြေး အများအပြားကိုလည်း ဆာလာဟူဒင်ပြည်နယ်က ဘာလဒ်မြို့မှာရှိတဲ့ အမှတ် ၁၇ ခြေလျင်တပ် စစ်ဌာနချုပ်မှာ ပြသထားပါတယ်။

“ဒီစစ်ဆင်ရေးဟာ ဆာမာရာအနောက်ဘက်က အလ်ဂျာဇီရာနဲ့ အလ်ဘာဒီယာ ဒေသတွေကို ရှင်းလင်းတော့မှာ ဖြစ်ပါတယ်။ ဒီနယ်မြေထဲက အကြမ်းဖက်တွေကို ရှင်းလင်းဖို့ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတော့ ပြီးမြောက်သွားပါပြီ။ ဒီတိုက်ပွဲတွေမှာ ကျနော်တို့ အိုက်ဇစ် အဖွဲ့ဝင် ၂၄ ယောက်ကို ဖမ်းမိထားတယ်။ အိုက်ဇစ် ၁၉၈ ယောက်ကျော်ကျော်လည်း သတ်လိုက်နိုင်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ၊ ဗုံးတွေနဲ့ ထောင်ချောက်ဆင်ထားတဲ့ ကားတွေရှိတဲ့ စက်ရုံတရုံ၊ လက်ပစ်ဗုံးတွေနဲ့ လက်နက်ကြီး လက်နက်လတ်တွေလည်း သိမ်းဆည်းရမိပါတယ်။” လို့ အမှတ် ၁၇ ခြေလျင်တပ်ရင်း တပ်မှူး ဗိုလ်မှူးချုပ် မာအဒ် ဘာဒိုင် ဖှာရာ့ခ်ျ က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲမှာ IED ခေါ် လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေ၊ အဝေးကနေ ထိန်းချုပ် ဖောက်ခွဲရေးပစ္စည်းအဖြစ် စစ်သွေးကြွတွေ အသုံးပြုတတ်တဲ့ မိုဘိုင်းဖုန်းတွေနဲ့ အသုံးမပြုရသေးတဲ့ တယ်လီဖုန်းဆင်းမ်ကတ်အသစ် ၁၀၀ ကျော်လည်း ပါဝင်ပါတယ်။

အီရတ်စစ်တပ်ဟာ လတ်တလော သီတင်းပတ်တွေမှာ ဘဂ္ဂဒက်မြို့တော် အနောက်ဘက် အန်ဘာပြည်နယ်မှာ ရှုံးနိမ့်မှုတွေ ကြုံခဲ့ရပြီးနောက်မှာ ဘဂ္ဂဒက်မြောက်ဘက်က ဆာလာဟူဒင်ပြည်နယ်မှာ အိုင်အက်စ်စစ်သွေးကြွ နှိမ်နင်းရေး အောင်မြင်မှုတွေ ရနေပါတယ်။

ဒါ့အပြင် အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ဘိုင်ဂျီမြို့ရဲ့ အစိတ်အပိုင်း အတော်များများကိုလည်း ရှီယိတ်စစ်သွေးကြွတွေနဲ့ ပူးပေါင်းထားတဲ့ အီရတ်အစိုးရတပ်တွေက ဇွန်လ ၈ ရက် တနင်္လာနေ့က ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ခုဆို အီရတ်စစ်တပ်ဟာ တီကရစ်ကို ပြန်ရယူနိုင်ဖို့ နီးလာပြီ ဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်နှင့် လက်နက်များ အီရတ်စစ်တပ် ဖမ်းမိ အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်နှင့် လက်နက်များ အီရတ်စစ်တပ် ဖမ်းမိ Reviewed by သစ်ထူးလွင် on 21:06 Rating: 5
Powered by Blogger.