သံတွဲ ဒါဝရွာတွင် လေဆင်နှာမောင်း တိုက်၍ အိမ် ၃၆ လုံး ပျက်စီးကာ လူပေါင်း ၃၀၀ ခန့် ဒုက္ခရောက်


ရန်ကုန်၊ ဇွန်လ ၂၈

သံတွဲမြို့နယ် ဒါဝရွာတွင် လေဆင်နှာမောင်း တိုက်ခတ်၍ အနည်းဆုံး အိမ် ၃၆ လုံး ပျက်စီးသွားပြီး လူပေါင်း ၃၀၀ ခန့် ဘေးလွှတ်ရာတွင် ခိုလုံနေရကြောင်း သံတွဲ ဒေသခံများက နိရဉ္စရာသို့ ပြောဆိုသည်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးကမူ မိုးနှင့် အတူ လေပြင်းတိုက်ခတ်ရာမှ အိမ် ၂၀ ကျော် လုံးဝ ပြိုလဲ ပျက်စီးသွားခဲ့သည်ဟု ပြောသည်။

“ အဲဒီ ဒါဝရွာမှာ မိုးနဲ့ လေပြင်းတိုက်ခတ်တဲ့ အတွက် အိမ်ခြေ ၉၁ လုံးမှာ အိမ် ၂၀ ကျော်က လုံးဝ ပြိုလဲ ပျက်စီးသွားပါတယ်။ ကျန်တဲ့ အိမ်တွေလည်း ခေါင်းမိုးတွေ ကွာကျတာတို့၊ အိမ်ထရံတွေ လန်တာတို့ ဖြစ်သွားခဲ့ပါတယ်။ လူပေါင်း ၃၀၀ ကျော်ကိုတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့မှာ နေရာချပေးထားရပါတယ်” ဟု အုပ်ချုပ်ရေးမှူးကို မေးမြန်းစဉ် နိရဉ္စရာကို ထိုကဲ့သို့ ဖြေဆိုသွားခဲ့သည်။

ယခုအခါ ရှေ့ပြေး ကယ်ဆယ်ရေး အဖွဲ့ဝင်များကို ယင်းကျေးရွာသို့ စေလွှတ်ပြီး နေရာချထားရေး၊ အစားအစာ ထောက်ပံ့ရေး အပါအ၀င် လိုအပ်သည်များကို ကူညီဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

“ ရှေ့ပြေး ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ပြီး ဆေးကုသမှုတို့၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း လုပ်ပေးနေပါတယ်။ အစစ အရာရာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါပြီ” ဟု ဆိုသည်။

ရွှေလှေကျေးရွာတွင်လည်း မြစ်ကမ်းနှင့် နီးသဖြင့် အိမ် ခုနှစ်လုံးကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟုဆိုသည်။

ယနေ့ နံနက် ၇ နာရီ ခန့်က လုံးဝ ရေကျသွားပြီ ဖြစ်ကြောင်း၊ ယခုအခါ ခိုလုံခဲ့ရသော ဒုက္ခသည်များကို သူတို့၏ နေအိမ်များသို့ ပို့ဆောင်နေပြီ ဖြစ်ကြောင်း၊ ရုံး- ဈေး- ကျောင်းစသည့် အဆောက် အဦးများကို သန့်ရှင်းရေး လုပ်နေရကြောင်း၊ ၀မ်းလျှော့ ရောဂါ ဖြစ်ပွားခြင်း မရှိကြောင်း ပြောကြားသည်။

နေဇော် / Narinjara
https://www.facebook.com/pages/Narinjara
သံတွဲ ဒါဝရွာတွင် လေဆင်နှာမောင်း တိုက်၍ အိမ် ၃၆ လုံး ပျက်စီးကာ လူပေါင်း ၃၀၀ ခန့် ဒုက္ခရောက်  သံတွဲ ဒါဝရွာတွင် လေဆင်နှာမောင်း တိုက်၍ အိမ် ၃၆ လုံး ပျက်စီးကာ လူပေါင်း ၃၀၀ ခန့် ဒုက္ခရောက် Reviewed by သစ်ထူးလွင် on 23:07 Rating: 5
Powered by Blogger.