ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ မြန်မာသံရုံးတွင် ကြိုတင်မဲပေးနိုင်


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲ ထည့်လိုတယ်ဆိုရင် မိမိနိုင်ငံ ပြန်စရာမလိုဘဲ သံရုံးမှာ လာရောက်မဲပေးနိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။

မိမိနှစ်သက်ရာပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးနိုင်ဖို့ အရင်ဆုံး မိမိနေထိုင်တဲ့ မြို့၊ ရွာနဲ့ ရပ်ကွက်ထဲမှာ မဲပေးပိုင်ခွင့် အမည်စာရင်းပေါက်အောင် ဆောင်ရွက်ထားရမှာဖြစ်ပြီး မြန်မာနိုင်ငံက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေ ရှိရမယ်လို့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဆန္ဒမဲထည့်ဖို့ရာ အရင်ဆုံး မဲစာရင်းကို သူတို့နေတဲ့ ရပ်ကွက်ထဲမှာ သွားထည့်မှရမယ်။ ရပ်ကွက်ထဲမှာ မဲစာရင်းပါတယ်ဆိုရင်တော့ ဒီမှာ ကြိုတင်မဲ လာထည့်လို့ရတယ်။ မပါရင်တော့ ထည့်လို့မရဘူး။ ပြီးတော့ ထော်ရော် ၃၈ ခေါ်တဲ့ ထိုင်းမှာ နေထိုင်ခွင့်လက်မှတ် တခုတည်းရှိရုံနဲ့ မရဘူး။ နိုင်ငံကူးလက်မှတ် ရှိရမယ်၊ မဲစာရင်းထဲပါဖို့ လျှောက်လွှာပုံစံတွေ ကျနော်တို့ ထုတ်ထားပေးပါတယ်။ သံရုံးမှာ လာယူလို့ရတယ်။ သံရုံးမှာ လာမယူချင်လို့ ကိုယ့်ဘာကိုယ် အိမ်ပြန်လုပ်လည်း ရတယ်။ သံရုံးက လျှောက်လွှာဖြည့်ပြီး မြန်မာပြည်ကို စာတိုက်နဲ့ ပို့ချင်လည်း ပို့ပေါ့။ အရေးကြီးတာ မဲပေးပိုင်ခွင့်ရှိတဲ့ လူစာရင်းထဲမှာ ကိုယ့်နာမည် ပါနေဖို့ပဲ။”

ဒါနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက တွဲဘက်တာဝန်ခံ ကိုမိုးဝေကတော့ ဒီအစီအစဉ်ဟာ ကောင်းမွန်ပေမယ့် ထိုင်းနိုင်ငံ အနှံ့အပြားရှိ မြန်မာအလုပ်သမားတွေအားလုံး လာရောက်မဲပေးနိုင်မှာ မဟုတ်ဘဲ ဘန်ကောက် အနီးတ၀ိုက်က အလုပ်သမားတွေလောက်ပဲ ဆန္ဒမဲပေးနိုင်မယ်လို့ သုံးသပ်ပါတယ်။

“ဒီသတင်းအချက်အလက်ကို ကျနော်တို့ တရားဝင်မသိရသေးပါဘူး။ နှစ်ဆန်းပိုင်းက မြန်မာသံရုံးအဖွဲ့နဲ့ အစည်းအဝေးလုပ်တော့ အကြမ်းဖျဉ်း ပြောကြတာတော့ရှိတယ်။ ကျနော့်အထင်တော့ ဘန်ကောက်နဲ့ မဟာချိုင်မှာနေတဲ့ လူတွေလောက်ပဲ သွားလုပ်နိုင်လိမ့်မယ်။ ကျန်တဲ့ ခရိုင်တွေအတွက်က မလွယ်ဘူး။ ခရီးစရိတ်တွေလည်း ရှိနေတယ်လေ။ အလုပ်သမားတွေက နိုင်ငံရေးထက် ၀မ်းစာရေးကို ပိုဦးစားပေး ရုန်းကန်နေရတာက များတယ်။”

မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက သံရုံးမှာသွားပြီး မဲမပေးနိုင်တဲ့အတွက် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီပြီး နိုင်ငံသား အခွင့်အရေးတရပ် ဆုံးရှုံးခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သံအမတ်ကြီးကတော့ သံရုံးမှာ လာရောက် ကြိုတင်မဲပေးနိုင်တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေတင် မကဘဲ အခြားသော အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေ၊ သံရုံးဝန်ထမ်းတွေနဲ့ ပညာတော်သင်တွေလည်း အကျုံးဝင်တယ်လို့ ပြောပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ မြန်မာသံရုံးတွင် ကြိုတင်မဲပေးနိုင် ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ မြန်မာသံရုံးတွင် ကြိုတင်မဲပေးနိုင် Reviewed by သစ်ထူးလွင် on 11:14 Rating: 5
Powered by Blogger.