ရန်ကုန်မြို့လယ် နေ့ခင်းကြောင်တောင်တွင် အမျိုးသမီး အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွား

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အလယ်ဘလောက်တွင် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ အမျိုးသမီးတဦးအား အရပ်ဝတ် လူသုံးလေးဦးက ၀န်းဝိုင်းချုပ်နှောင်ဖမ်းဆီးကာ အတင်းအဓ္ဓမ လက်ထိပ်ခတ်၍ တက္ကစီတစီးပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဥပဒေအရ အမျိုးသမီး (တရားခံ) တဦးကို ဖမ်းဆီးမည်ဆိုလျှင် အမျိုးသမီးရဲမေ အနည်းဆုံးတဦး ပါရှိရမည်ဖြစ်သလို လက်ထိတ်ခတ်ပိုင်ခွင့်လည်း မရှိပေ။ ယခုကဲ့သို့ ယောက်ျား(အရပ်ဝတ်ရဲများ) လေး၊ ငါးဦးက အမျိုးသမီးတဦးအား မိုးထဲရေထဲ၌ အတင်းအဓ္ဓမ ဖမ်းဆီးချုပ်နှောင်သွားခြင်းမှာ အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု ဖြစ်သည်။

ယင်းသို့ အရပ်ဝတ်များဖြင့် ဖမ်းဆီးခြင်း၊ အရပ်ဝတ်များဖြင့် လူစုလူဝေး ဖြိုခွင်းခြင်းများသည် အများပြည်သူအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း အနီးပတ်ဝန်းကျင်မှ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

“မိန်းကလေး၊ အမျိုးသမီးတဦးကို ဖမ်းဆီးတဲ့အခါမှာ အမျိုးသမီးရဲမေ တဦးပါဝင်ရမယ်။ အမျိုးသမီးရဲမေ မပါဝင်ရင်တောင် အနီးနာမှာရှိတဲ့ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးရဲ့အကူအညီနဲ့ ဖမ်းဆီးရတာပါ။ ဒါကြောင့် အမျိုးသမီးတယောက်ကို စောစောက ပြောတဲ့ ရဲမေလည်း မပါ၊ ပတ်ဝန်းကျင်က အမျိုးသမီးရဲ့ အကူအညီလည်း မပါဘဲနဲ့ ဖမ်းရင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၄ အမျိုးသမီးတဦးကို ကာယိနြေ္ဒ ပျက်ပြားအောင်လုပ်တဲ့ ဥပဒေနဲ့ ညှိစွန်းပါတယ်။ နောက်ပြီးတော့ ဥပဒေ ကိုကျူးလွန်တဲ့သူကို ဖမ်းဆီးတဲ့သူတွေကလည်း ဥပဒေအတိုင်း လိုက်နာပြီးဖမ်းဆီးရမှာပါ။”

“နောက်တခု အမျိုးသမီးတဦးကို ဖမ်းဆီးတဲ့အခါမှာ ရဲလက်စွဲ အပိုဒ် ၁၃၈၂ အရ ဖမ်းဆီးတဲ့အခါမှာ လက်ထိပ်ခတ်ပိုင်ခွင့် မရှိဘူး။ ရဲမှန်း သိသာအောင် မလုပ်ထားဘဲနဲ့ အရပ်ဝတ်တွေနဲ့ အဲဒီလို လက်ထိပ်နဲ့ ၀င်ဖမ်းရင် အခြားပတ်ဝန်းကျင်ကို အထိန့်တလန့် ဖြစ်စေပါတယ်။ တခြားသော အတုအယောင်တွေက အရပ်ဝတ် ၀တ်ပြီး အဲဒီလို လက်ထိပ်နဲ့ ၀င်ဖမ်းပြီး ဒုစရိုက်မှုကျူးလွန်ရင် ဘယ်သူမှ မသိနိုင်ဘူး။”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က News Watch သို့ ပြောသည်။

ကျောက်တံတားမြို့နယ်အတွင် မတ်လအတွင်းကလည်း လှိုင်သာယာမြို့နယ်နေ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ပြည့်တန်ဆာပုဒ်မဖြင့် ဖမ်းဆီးခြင်း၊ တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးတဦးမှ သူမ၏အမျိုးသား အလုပ်လုပ်ရာသို့ လိုက်လာစဉ် ပန်းဆိုးတန်းမီးပွိုင့်အနီး ပြည့်တန်ဆာပုဒ်မဖြင့် ဖမ်းဆီးခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး တရားစွဲဆိုခံရကာ ယခုအထိ အမှုမပြီးသတ်သေးကြောင်းလည်း သိရသည်။ ကျောက်တံတားမြို့နယ်မှ ပြည့်တန်ဆာအမှုတိုင်းတွင် အရပ်သားသက်သေ တဦး၊ နှစ်ဦးကသာ အမြဲတစေ တရာလိုပြသက်သေအဖြစ် လိုက်ပါဆောင်ရွက်လေ့ရှိသည်ကိုလည်း ကြားသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တံတားမြို့မရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ ဇွန် ၂၆ တာဝန်ကျ အရာရှိတဦးက“ဟုတ်ပါတယ်။ ပြည့်တန်ဆာဖမ်းတာပါ။ မြို့ထဲမှာဆိုပေမယ့် မဖမ်းလို့လဲ မရဘူး။ တိုင်တဲ့လူတွေကလည်း ဟိုကတိုင် ဒီကတိုင်ဆိုတော့ ကျနော်တို့မှာ မဖမ်းလို့လည်း မရဘူး။ ဒါကြောင့်ပါ။ အဖမ်းခံရတဲ့သူက ငြင်းဆန်တော့ အထိတ်တလန့်ဖြစ်တာပေါ့။ ပုဒ်မ ၃(က)(ခ)ပါ။”ဟု ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရန်ကုန်မြို့လယ် နေ့ခင်းကြောင်တောင်တွင် အမျိုးသမီး အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွား  ရန်ကုန်မြို့လယ် နေ့ခင်းကြောင်တောင်တွင် အမျိုးသမီး အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 18:54 Rating: 5
Powered by Blogger.