အိန္ဒိယတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များ အသက်အန္တရာယ်ရှိ၍ ဖျက်ဆီးပစ်မည်


နယူးဒေလီ ဇွန် ၁၈

အိန္ဒိယနိုင်ငံ၏ စားသောက်ကုန်များ ဘေးဥပါဒ် အန္တရာယ်ကင်းဝေးရေးအတွက် နက်(စ်)လေသည် ၎င်း၏နာမည်ကြီး အသင့်စားသုံးနိုင်သော မက်ဂီတံဆိပ်ခေါက်ဆွဲ ခြောက်ထုပ် သန်း ၄ဝဝ ကို ဖျက်ဆီးပစ်မည်ဟု ယနေ့ သတင်းများတွင် ဖော်ပြသည်။

အဆိုပါ ခေါက်ဆွဲထုပ်အားလုံးကို ဖျက်ဆီးရန်အတွက် ရက် ၄ဝ အချိန်ယူရမည်ဟု နက်(စ်)လေကုမ္ပဏီက ပြောသည်။

အိန္ဒိယစားသောက်ကုန် အန္တရာယ်ကင်းရေး ကွပ်ကဲရေးအဖွဲ့က မက်ဂီခေါက်ဆွဲခြောက်ထုပ်များကို စစ်ဆေး စမ်းသပ်ရာတွင် လူ့အသက်အား အန္တရာယ်ရှိကြောင်း တွေ့ရှိရသဖြင့် နက်(စ်)လေသည် စားသောက်ကုန်အန္တရာယ် ကင်းဝေးရေး ဥပဒေများကို လိုက်နာရန် ပျက်ကွက်သည်ဟု စွပ်စွဲခဲ့သည်။

နက်(စ်)လေသည် အိန္ဒိယနိုင်ငံ၏ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်ဈေးကွက်၏ ၈ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။

ယခုကဲ့သို့ ပြန်လည်သိမ်းယူရသည့် ပမာဏသည် နက်(စ်)လေ၏ သမိုင်းသာမက စားသောက်ကုန် လောကတွင်ပါ အကြီးမားဆုံးဖြစ်ကြောင်း နက်(စ်)လေ (အိန္ဒိယ)က ပြောသည်။

မက်ဂီတွင် ခဲပါဝင်မှုသည် သတ်မှတ်နှုန်းထက် ပိုများနေသည်ကို စားသောက်ကုန် ကြီးကြပ်ရေးအဖွဲ့က တွေ့ရှိ ကြောင်း ထုတ်ဖော်ပြောကြားလိုက်သောအခါ နက်(စ်)လေသည် ယခုစောစောပိုင်းမှစ၍ မက်ဂီတံဆိပ်အသင့်စား ခေါက်ဆွဲခြောက်ထုပ်များကို ဈေးကွက်မှ ပြန်လည်သိမ်းယူ ခြင်းဖြစ်သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များ အသက်အန္တရာယ်ရှိ၍ ဖျက်ဆီးပစ်မည်  အိန္ဒိယတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များ အသက်အန္တရာယ်ရှိ၍ ဖျက်ဆီးပစ်မည် Reviewed by သစ်ထူးလွင် on 09:04 Rating: 5
Powered by Blogger.