နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ


ရန်ကုန်၊ ဇွန်

ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာဒေ့ရှ့် နယ်ခြားစောင့် တပ်ဖွဲ့ ၀င် တပ်ကြပ်ကြီး တစ်ဦးကို လက်နက်နဲ့ အတူ မြန်ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

“  ဒီကနေ့ နံနက် ၅ နာရီလောက်မှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က တပ်ကြပ်ကြီး တစ်ဦးနဲ့ တပ်သား နှစ်ဦးတို့ဟာ လှေတစ်စီးနဲ့ မြန်မာဘက်ကို ၀င်ရောက်နေတယ်။ မြန်မာဘက်က ကင်းလှည့်တဲ့ အဖွဲ့နဲ့ တိုးတော့ ဒီဘက်က တားတယ်။ ဒါကို ဟိုဘက်က စတင်ပစ်ခတ်တယ်။ ဒီဘက်က ခုခံပစ်ခတ်တော့ တစ်ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ ကျန်တဲ့ နှစ်ဦးကတော့ရေထဲကို ခုန်ချတယ်။ အဲဒီအထဲက တပ်ကြပ်ကြီး တစ်ဦးကို နံနက် ၆ နာရီမှာ မြန်မာပိုင်နက်မှာ လက်နက်နဲ့ အတူ ဖမ်းမိပါတယ်” ဟု ပြောသည်။

ယခု တိုက်ပွဲ ဖြစ်ပွားသော နေရာမှာ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွတ် ချောင်းဝ၊ နတ်မြစ်အတွင်း ဖြစ်ပွားခဲ့ခြင်းသည်။

“ အခု ဖမ်းမိတဲ့ ဘီဂျီဘီကို ထိန်းသိမ်းထားတယ်။ သူဆီက တဆင့် သိရတာကတော့ ခုလို ဒီဘက်ကို အရင် ဖေဖော်ဝါရီလက တစ်ကြိမ်၊ ဇွန်လက တစ်ကြိမ် ၀င်ရောက်ဖူးတယ်လို့ သိရတယ်။ အဓိက ငါးဖမ်းလှေတွေကို ဖမ်းဆီးဖို့ ၀င်ရောက်လာတာလို့ သိရပါတယ်” ဟု ဆိုသည်။

အပြန်အလှန် ပစ်ခတ်မှုမှာ ၁၀ မိနစ်ခန့်ကြာမြင့်ပြီး တစ်ဘက်နှင့် တစ်ဘက် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

နံနက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ဒဏ်ရာရသွားသော ဘင်္ဂလာ နယ်ခြားစောင့် တပ်သားကိုမူ ယခုအခါ ကော့စ်ဘဇားခရိုင်ဆေးရုံတွင် တင်ထားရသည်ဟု ဘင်္ဂလာဒေ့ရှ်က အတည်ပြု ပြောကြားသည်။

ယခုအခါ မြန်မာဘက်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများကို အကြောင်းကြားထားပြီး ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ  နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 22:26 Rating: 5
Powered by Blogger.