နမ္မတူမြို့နယ်အတွင်း တအာင်းနှင့်အစိုးရတပ် တင်းမာ ရွာသား ရာချီ နေရပ်မှတိမ်းရှောင်

ဓါတ်ပုံ- ဂျွန်လ ၂ ရက်နေ့က လွယ်တိုင်းလျဲန်းတွင် ကျင်းပသော စစ်သင်တန်းဆင်းပွဲ
ဂျွန်လ ၃ ၇က် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအာင်း ခေါ် ပလောင်တပ်ဖွဲ့နှင့်အစိုးရတပ်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံလူထုရာချီ မြို့နှင့်နီးသော ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရကြောင်း သိရသည်။

ဂျွန်လ ၂ ရက်နေ့က နမ္မတူမြို့နယ် နားဆိုင်းရွာအနီးတွင် အစိုးရတပ်နှင့် တအာင်းတပ်ဖွဲ့တို့ နှစ်ဦးနှစ်ဘက် နီးကပ်စွာလှုပ်ရှားနေပြီး စစ်ရေးတင်းမာလာသည့်အနေအထားကြောင့် နမ္မတူမြို့အရှေ့တောင်ဘက်နှင့်တောင်ဘက် တလွှား လွယ်ပြေးရွာ ၊ နမ့်ကတ်ရွာ ၊ ပန်ချင်ရွာ ၊ ကောင်းမူး စန့်ခုပ်ရွာ ၊ ခိုင်းဟျိုးရွာတို့မှ ရွာသား ရာချီ နမ္မတူမြို့တွင်းနှင့် လားရှိုးဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်ဟု စစ်ဘေးရှောင် စိုင်းအေးက ပြောသည်။

လုတ်လေနဲ့ မန်စံမှာအများဆုံးပေါ့။ အဲဒီမှာဘဲ ၁၀၀ ကျော်နေပြီ။ အခုကပြောင်းစိုက်ချိန်လေ။ ကလေးတွေလည်း ကျောင်းအပ်ချိန်မို့လို့ စစ်ဘေးရှောင်နေရရင် ပြောင်းမျိုးစေ့လဲ မချနိုင်ဘူး။ ကလေးတွေကိုလည်းကျောင်းမပို့နိုင်ဘူး။ ပြောင်းမစိုက်ရရင် နောက်နှစ်အတွက်တော့ခက်ပြီပေါ့။ နှစ်ဘက်တပ်တွေ ပစ်ချင်ခတ်ချင်ကြတာ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ရွာနဲ့ဝေးတဲ့တောထဲမှာသွားပစ်ခတ်ကြပါလို့ တောင်းဆိုချင်ပါတယ်။ ရွာနဲ့နီးရင် ပြည်သူလူထု မသက်သာလို့ပါ - ဟု စိုင်းအေးကပြောသည်။

ဂျွန်လ ၃ ရက် ညနေပိုင်းတွင် မြန်မာစစ်တပ်က နားဆိုင်းရွာ ပတ်လည်တွင် နေရာယူထားကြောင်း နှစ်ဘက် တင်းမာမှုလည်း ဆက်လက်ရှိနေသေးကြောင်းနှင့် စစ်ဘေးရှောင်များလည်း နေရပ်ရင်းသို့ မပြန်နိုင်သေးကြောင်း နမ္မတူဒေသခံ စိုင်းခမ်းက ပြောသည်။

ထိုသို့စစ်ရေးတင်းမာမှုအခြေအနေကြောင့် နမ္မတူ-လားရှိုးပြေးဆွဲသည့်လိုင်းကားများလည်း နားဆိုင်းရွာ မရောက် ခင်တွင် ဆက်မသွားနိုင်ဘဲ ၂ နာရီခန့်အကြာ ရပ်ထားခိုင်းရာ လားရှိုးကားအ၀င် နောက်ကျခဲ့ရကြောင်း ကားသမား များကပြောဆိုပါသည်။

စစ်ဘေးရှောင်များအတွက် ဒေသတွင်း လူထုမှစေတနာအလျောက်ကူညီထောက်ပံ့ခဲ့ကြပြီး၊ မန်စံအုပ်ချုပ်ရေးမှူးနှင့် ၀ုန်းမေတ္တာ လူမှုကူညီရေးအသင်းမှလည်း ကူညီထောက်ပံ့မှုပေးမည်ဟုကြားသိရပါသည်။

ဒီ ၂ လ ထဲမှာအခုလိုပြေးရတာ ၂ ခါရှိပြီ။ မေလတုန်းက တခါ အခု တခါပေါ့။ ရွာသားတွေအထိနာပါတယ်။ စစ်ဘေးရှောင်ပါတယ်ဆိုနေမှ လမ်းမှာ ဖမ်းဟယ်ဆီးဟယ်လုပ်သေးတယ်။ ဒီနေ့အစစ်ဆေးခံရပြီး အဖမ်းခံရတာ ၁၀ ယောက်လောက်ရှိတယ်။ ဆေး (မူးယစ်ဆေး) စစ်တာတဲ့ ။ လက်ဝယ်ဖမ်းမိရင် သိန်း ဆယ်ချီကနေ ရာဂဏန်းအထိ ပြန်သွားရွေးရတယ်။ မဖမ်းမိရင်တော့ ပြန်လွှတ်ပေးတယ်။ တအာင်းတပ်ကပေါ့။ ဟု လည်း စစ်ဘေးရှောင် စိုင်းအေးက ဆိုပါသည်။

တအာင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတာ့အိုက်ကျော်က- စစ်ဘေးရှောင် ရွာသားများအား လုံခြုံသည့်နေရာသို့ ကူညီပို့ဆောင်ပေးနေသည်ဟု သျှမ်းသံတော်ဆင့်သို့ပြောကြားသည်။
နားဆိုင်းရွာတွင် မေလ ၂၁ ရက်နေ့က တအာင်းနှင့်အစိုးရတပ်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သေးသည်။ ထိုစဉ်ကလည်းစစ်ဘေးရှောင် ၃၀၀ ကျော် ဘုန်းကြီးကျောင်းနှင့်စာသင် ကျောင်း တို့တွင်ခိုလှုံခဲ့ရသည်။

ဓါတ်ပုံ- ဂျွန်လ ၂ ရက်က လုတ်လေ မူလတန်းကျောင်းသို့ ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်တချို့

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

နမ္မတူမြို့နယ်အတွင်း တအာင်းနှင့်အစိုးရတပ် တင်းမာ ရွာသား ရာချီ နေရပ်မှတိမ်းရှောင်  နမ္မတူမြို့နယ်အတွင်း တအာင်းနှင့်အစိုးရတပ် တင်းမာ ရွာသား ရာချီ နေရပ်မှတိမ်းရှောင် Reviewed by သစ်ထူးလွင် on 01:32 Rating: 5
Powered by Blogger.