စိုက်ပျိုးရေးချေးငွေ မကျေသေးသူ အခုနှစ် ချေးငွေ ထပ်ရမည် မဟုတ်

တောင်သူလယ်သမားတချို့ ကောက်စိုက်နေကြစဉ်Photo: Min Thein Aung/RFA
ပြီးခဲ့တဲ့နှစ်က ထုတ်ယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ လယ်သမားတွေကို ဒီနှစ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမှာမဟုတ်ကြောင်း ရခိုင်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ကြေညာ ချက်ထုတ်ထားပါတယ်။

ဒီနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို မနက်ဖြန် ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပေးမှာဖြစ်ပေမယ့် ချေးငွေ မကျေသေးတဲ့လယ်သမားတွေကို ထုတ်မပေးဘူးဆိုတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ မြေပုံ မို့ခံ တောင်သူ ဦးမြင့်ဖြူချေက ပြောပါတယ်။

"လယ်သမားတွေကို စာထုတ်ပါတယ်၊ ဒီလမှာ အကုန်ဆပ်ရမှာ၊ ဇွန်လမှာ ပိုက်ဆံမကျေတဲ့လူကို မချေးဘူးတဲ့၊ အစုတစ်ခုမှာ တစ်ယောက်မပြေလည်လို့ရှိရင် နောက် ကိုးယောက်ကို မပေးဘူးတဲ့၊ အဲ့လိုမဖြစ်စေချင်ဘူး၊ တစ်ယောက်မပြေလည်လို့ရှိရင် အဲ့တစ်ယောက်ကိုထားပြီး နောက်ကိုးယောက်ကို ပေးစေချင်တယ်"

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က လယ်သမား ၁၀-ဦး ကို အစုအဖွဲ့တစ်ခုအဖြစ် သတ်မှတ်ပြီး ၀ိုင်းကြီးချုပ်စနစ်နဲ့ တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်း စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ပေးနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက ထုတ်ယူထားတဲ့ စိုက်ပျိုးစားရိတ်ချေးငွေတွေကို ဒီနှစ် မတ်လကုန် နောက်ဆုံးထားပြီး ပြန်ဆပ်ရ မှာဖြစ်ပေမယ့် ရခိုင်ပြည်နယ်မှာ လယ်သမား ၃၀၀၀ ကျော်လောက်က ချေးငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိဘူး လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ အောက်တိုဘာလအတွင်း လယ်ယာမြေတွေထဲ ဆားငံရည် ဝင်ရောက်မှုကြောင့် မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ တောင်ကုတ်၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေက မိုးစပါးစိုက်ခင်း ဧက လေးသောင်းကျော်လောက် ပျက်စီးခဲ့ပါတယ်။

အဲဒီလိုပျက်စီးဆုံးရှုံးမှုတွေကြောင့် လယ်သမားတွေက ချေးငွေတွေကို ပြန်ဆပ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း သိရပါတယ်။

ချေးငွေ မဆပ်နိုင်တဲ့ လယ်သမားတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ မေလဆန်းလောက်က လယ်သမားတွေထံ သတိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
စိုက်ပျိုးရေးချေးငွေ မကျေသေးသူ အခုနှစ် ချေးငွေ ထပ်ရမည် မဟုတ် စိုက်ပျိုးရေးချေးငွေ မကျေသေးသူ အခုနှစ် ချေးငွေ ထပ်ရမည် မဟုတ် Reviewed by သစ်ထူးလွင် on 09:04 Rating: 5
Powered by Blogger.