တရုတ်နိုင်ငံက မကောင်းမှုမြို့တော် ဒေါင်ဂွမ်း


ဒေါင်ဂွမ်းဆိုတာ တရုတ်ပြည်တောင်ပိုင်းက ကုန်ထုတ်လုပ်ငန်းတွေ ပေါများတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဟန်ယုလိုင်ဆိုတာ ဒေါင်ဂွမ်းမြို့က စီးပွားရေးလုပ်ငန်းရှင်တဦးပါ။ သူ့ရဲ့ဖောက်သည်တွေ စက်ရုံလာပြီး လည်ပတ်တာတွေ ဒါမှမဟုတ် ကုန်စည်ပြပွဲလာကြတယ်ဆိုရင် သူက 'ဒေါင်ဂွမ်းစံချိန်'နဲ့အညီ ဧည့်ခံပြုစုတတ်တယ်။ ညနေခင်းရောက်ရင် သူက ဧည့်သည်တွေကို ကေတီဗီခေါ်သွားတယ်။ ကေတီဗီမှာ လိုချင်တာရနိုင်တယ်။ အဲဒီနေရာရောက်ရင် 'မာမာဆန်'လို့ အမည်ပေးထားတဲ့ အမျိုးသမီးကြီးတယောက်နဲ့ တွေ့ရတယ်။ သူက တကယ်တော့ ပြည့်တန်ဆာအိမ် ကြီးကြပ်စီမံရတဲ့သူပါ။ ဧည့်သည်တွေလာရင် ဒါဇင်နဲ့ချီတဲ့ မိန်းကလေးတွေ တန်းစီပြခိုင်းတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယားလူမျိုးစုံရတယ်။ ဈေးအကြီးဆုံးကတော့ ရုရှားအမျိုးသမီးတွေပါပဲ။

''ဒီအထဲက တယောက်စ နှစ်ယောက်စ ရွေးမယ်။ တွဲပြီး သီချင်းဆိုမယ်။ အရက်သောက်မယ်။ ပြီးတော့ အပေါ်ထပ်ကိုတက်ပြီး လုပ်ငန်းစမယ်။ ချစ်ကိစ္စ မဟုတ်ဘူး။ အလုပ်လုပ်တာပါလို့ ဟန်ယုလိုင်က ပြောတယ်။ ဒီလိုပြောရတာကလည်း တရုတ်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားမ၀င် သတ်မှတ်ထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ကာလမှာတော့ 'ဒီလို အလုပ်လုပ်တဲ့ပုံစံ'ကတော့ အရမ်းကို ခက်ခဲနေပါပြီ။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက 'ဒုစရိုက်မြို့'လို့ အမည်ပေးခံရတဲ့ ဒေါင်ဂွမ်းမြို့မှာ လိင်ကိစ္စအလုပ်လုပ်စားတဲ့သူတွေကို ပိုက်စိတ်တိုက်ဖမ်းခဲ့တယ်။ ရလဒ်အနေနဲ့ ဟိုတယ်တွေ၊ မာဆတ်တွေ၊ ရေပူချိုးစခန်းတွေ ၂၀၀၀ လောက် ပိတ်သိမ်းခံရတယ်။ လူတွေလည်း ထောင်နဲ့ချီပြီး အဖမ်းခံရတယ်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတွေသာမကဘူး၊ အဆင့်မြင့် အရာရှိကြီးတွေ၊ အကျင့်ပျက်ရဲအရာရှိတွေလည်း အဖမ်းခံခဲ့ရတယ်။ မြို့ရဲ့ ပြည်သူ့လုံခြုံရေးအကြီးအကဲ ဒုတိယမြို့တော်ဝန် ယန်ရှောက်ကန်းကိုလည်း ရာထူးက ထုတ်ပယ်ခဲ့တယ်။

ဒီလို ဖမ်းဆီးအရေးယူလိုက်တော့ ဒေါင်ဂွမ်းမြို့ရဲ့ ဟိုတယ်တွေ၊ ရေပူစမ်းတွေ၊ မာဆတ်တွေ ခြောက်ကပ်သွားတယ်။ လမ်းပေါ်မှာလည်း '' xiaojie” (ရှောက်ကျယ်)လို့ တရုတ်လို့ခေါ်တဲ့ အပျော်မယ်တွေလည်း မတွေ့ ရတော့ဘူး။ ဒီလိုမကောင်းမှုလုပ်ငန်းတွေ ချေမှုန်းလိုက်တဲ့အတွက် ဟိုတယ်တွေ၊ ဈေးဆိုင်၊ စားသောက်ဆိုင်တွေအပါအ၀င် စီးပွားရေးလုပ်ငန်းတွေရဲ့ ၀င်ငွေယွမ် ၅၀ ဘီလီယံ (ဒေါ်လာ ၈ ဘီလီယံ)ကို ဖျက်ဆီးပစ်လိုက်သလိုပါပဲလို့ ကွမ်းကျို့မှာရှိတဲ့ ဆွန်ယက်ဆင်တက္ကသိုလ်က ပြည်သူ့ဘဏ္ဍာနဲ့ အခွန်ရေးရာပါမောက္ခ လင်ကျာန်းက ထောက်ပြခဲ့တယ်။ လိင်ကိစ္စ စီးပွားရေးလုပ်ငန်းတွေမရှိတော့လို့ ဘဏ္ဍာရေးထိခိုက်တာရှိသလို မြို့ရဲ့ ကုန်ထုတ်လုပ်ငန်း အဆင့်မြင့်တင်ရေးမှာလည်း အတားအဆီးဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။ “အရင်ကထက်စာရင် ကျွန်တော့်ဆီလာတဲ့ ဖောက်သည်တွေ လျော့နည်းသွားတယ်”လို့ စီးပွားရေးလုပ်ငန်းရှင် ဟန်ယုလိုင်က ညည်း ပါတယ်။

ဒေါင်ဂွမ်းမြို့ရဲ့ ပျော်စရာစုံတဲ့ ဒုစရိုက်ဘုံပျောက်ကွယ်သွားပြီလို့တော့ မဆိုနိုင်သေးပါဘူး။ လူတွေရှိနေသရွေ့ လိင်ကိစ္စလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါင်ဂွမ်းမြို့ရဲ့ ပြည့်တန်ဆာလုပ်ငန်းကတော့ လူမသိသူမသိ လုပ်ကြရတဲ့ မြေအောက်လုပ်ငန်းတခုအဖြစ် ရှိနေပါသေးတယ်။ စီးပွားရေးလုပ်ငန်းရှင် ဟန်ယုလိုင်ကတော့ သူ့ဖောက်သည်တွေကို အရင်ကလို ပေါ်ပေါ်ထင်ထင် ကေတီဗီတို့၊ မာဆတ်တို့ကို ခေါ်မသွား ရဲတော့ဘူး။ ပွဲစားကနေတဆင့် ဆက်သွယ်ရတယ်။ အဆက်အသွယ်လုပ်ရတာကလည်း သိပ်မလွယ်ဘူးလို့ သူက ပြောပါတယ်။ သို့သော်လည်းပဲ တရုတ်ပြည် ဒေါင်ဂွမ်းမြို့ရဲ့ ဟိုတယ်နဲ့ အချို့သောနေရာတွေမှာတော့ လိင် ကိစ္စအတွက် ဆက်သွယ်ပေးနိုင်တဲ့သူတွေ အများကြီးရှိနေပါသေးတယ်။

တရုတ်ပြည်ရဲ့ အပျော်ဝန်ဆောင်မှုလုပ်ငန်းကို တရားဝင် လူသိထင်ရှားမလုပ်ရဲကြပေမယ့် ဒီကနေ့ လမ်းပေးမှာပဲဖြစ်ဖြစ်၊ အင်တာနက် ဆိုရှယ်မီဒီယာတွေကတဆင့်ဖြစ်စေ၊ လိင်အလုပ်သမားတွေကို တွေ့နေရပါ သေးတယ်။ တယ်လီဖုန်းနဲ့ အချိတ်အဆက်လုပ်ပြီး အိမ်တိုင်ရာရောက် လိင်ဖျော်ဖြေရေးဝန်ဆောင်မှုပေးတဲ့ အလုပ်တွေလည်း ပေါ်လာခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေ အရေးယူမဖမ်းဆီးခင်က ဒေါင်ဂွမ်းမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ လိင်လုပ်သား ၂၅၀၀၀၀ ရှိပါတယ်။ အခုလို မှောင်ခိုလုပ်ငန်းဖြစ်သွားခဲ့တဲ့အချိန်မှာတော့ ပိုပြီး အန္တရာယ်ရှိလာပါတယ်။
''လိင်လုပ်သားတွေဟာ အမြဲတမ်းလိုလိုပဲ ဖောက်သည်တွေနဲ့ ရဲတွေရဲ့ မတရားအနိုင်ကျင့်မှုတွေ ခံနေကြရတယ်''လို့ ဟောင်ကောင် အခြေစိုက် လိင်လုပ်သားအခွင့်အရေးကာကွယ်ပေးတဲ့အုပ်စု Ze Teng ရဲ့ပြောခွင့်ရ အန်းလီက ဆိုပါတယ်။ တရုတ်ပြည်က လိင်လုပ်သားတွေဟာ ရဲတွေရဲ့ အကြမ်းဖက်မှု၊ အမှုဆင်ပြီး ဖမ်းဆီးမှု၊ အတင်းအကျပ်အိတ်အိုင်ဗီ ပိုးစစ်ဆေးခိုင်းမှုအပါအ၀င် နိုင်းထက်စီးနင်းပြုတာ ခံခဲ့ကြရကြောင်း ၂၀၁၃ ခုနှစ်က လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ တယ်။
အခုအချိန်မှာတော့ ပြီးခဲ့တဲ့နှစ်က အပိတ်ခံခဲ့ရတဲ့ ဖျော်ဖြေရေးဆိုင် တွေကို ပြန်ပြီးဖွင့်ခွင့်ပြုထားတယ်။ ဒါပေမဲ့ စည်းကမ်းချက်တွေတော့ သတ်မှတ်ထားတယ်။ အချို့စည်းကမ်းချက်တွေကတော့ မာဆတ်အခန်း တွေကို သော့မခတ်ထားရဘူး။ တဦးချင်းသီးသန့်အခန်းတွေ မထားရဘူး။ မီးမှောင်မချထားရဘူး။ ညလုံးပေါက်လာတဲ့ ဧည့်သည်တွေ နာမည်စာရင်း ရဲစခန်းပို့ရမယ်။ မာဆတ်အခန်းရဲ့ အပြင်ဘက်မှာ ၀န်ဆောင်မှုမပေးရဘူး စတာတွေဖြစ်ပါတယ်။ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ တားမြစ်ထားပေမယ့် လိင်ကိစ္စ စွမ်းဆောင်မှုကို မြှင့်တင်ပေးတဲ့ Viagra ဆေးရောင်းချမှုက တော့ လျော့မသွားပါဘူးလို့ ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။ လိင် ကိစ္စအားပေးတဲ့ Viagra ဆေးတွေ ညဘက်မှာ ပိုပြီး ရောင်းရတယ်လို့ ဆိုပါတယ်။

ထွဋ်ဝင်းထွဋ်
ရည်ညွှန်း - စီအင်န်အင်န်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တရုတ်နိုင်ငံက မကောင်းမှုမြို့တော် ဒေါင်ဂွမ်း  တရုတ်နိုင်ငံက မကောင်းမှုမြို့တော် ဒေါင်ဂွမ်း Reviewed by သစ်ထူးလွင် on 20:06 Rating: 5
Powered by Blogger.