ဒေါ်အောင်ဆန်းစုကြည် အသက် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း


“အသက် (၇၀)ဆိုတော့ နောင်ကျွန်မတို့ နေရတယ်ဆိုလို့ရှိရင် နှစ်(၂၀)လောက် နေရတယ်ဆိုလို့ရှိရင်တောင် အင်မတန်အသက်ရှည်တယ်လို့ ပြောရမှာပါ။ ဒီ နောင်နေနိုင်မယ့် နှစ်(၂၀)လောက်အတွင်းမှာ ဒီနိုင်ငံ တိုးတက်တာ၊ ဖွံ့ဖြိုးတာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာတကယ့် ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့်၊ တန်ဖိုးထားရမယ့်ပုဂ္ဂိုလ်များ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်တာကို ကျွန်မတို့ မြင်တွေ့သွားချင်ပါတယ်။…”
----- ----- ----- -----

ကျွန်မအပေါ် စေတနာ မေတ္တာထားတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ခြင်းအားဖြင့် စ ပါရစေ။
အသက် (၇၀)ဆိုတော့ ဒီလောကထဲမှာ အနှစ်(၇၀)နီးပါးနေခဲ့ရပြီပေါ့။ အဲဒီတော့ဒီနှစ်(၇၀)အတွင်းမှာ စေတနာ မေတ္တာရဲ့တန်ဖိုးကို ကောင်းကောင်းကြီး သိခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရေးလုပ်ခဲ့ရတယ်ဆိုတာလည်း သိပ်လွယ်လွယ်နဲ့ လုပ်ခဲ့ရတာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့လည်း ပြည်သူတွေရဲ့ မေတ္တာ၊ ကျွန်မတို့ကို ထောက်ခံသူများရဲ့ စေတနာဟာ ကျွန်မတို့ရဲ့အင်အား ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းလို့မရပါဘူး။ ဒါကြောင်မို့လို့ ကျွန်မတို့ အခုဒီနိုင်ငံ ဘယ်သွားမလဲလို့ ဆက်ပြီးတော့ ကြည့်တဲ့အခါ ကျွန်မတို့ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ပါတယ်။ သန့်ရှင်းတဲ့နိုင်ငံရေးဆိုတာ ရိုးရိုးလေးပြောတာပါ။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ။
နိုင်ငံရေးဆိုတာ လူတွေနဲ့လုပ်နေရတဲ့အလုပ်ဆိုတော့ ခြောက်ပစ်ကင်း သဲလဲစင်လို့ ပြောလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သန့်ရှင်းတဲ့နိုင်ငံရေးဆိုတာ နံပါတ်တစ်ကတော့ ပြည်သူလူထုကို မလှည့်ဖျားတဲ့ နိုင်ငံရေးမျိုး၊ နံပါတ် နှစ်ကတော့ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ့်ရဲ့လုပ်ငန်းတွေ အောင်မြင်ဖို့လုပ်တဲ့အခါမှာ အခြားသူတွေကို ထိခိုက်နစ်နာအောင်လို့ မကောင်းတဲ့နည်းတွေ၊ မမှန်ကန်တဲ့နည်းတွေ၊ မတရားတဲ့နည်းတွေနဲ့ လုပ်တာကို ရှောင်ကျဉ်ဖို့ပဲ။ အဲဒီလိုလုပ်မှ ကျွန်မတို့နိုင်ငံ သန့်ရှင်းတဲ့နိုင်ငံရေး ရှိနိုင်မှာပါ။ ဒီလိုသန့်ရှင်းတဲ့နိုင်ငံရေးရှိမှ ကျွန်မတို့နိုင်ငံဟာ ရှေ့မှာဆက်ပြီးတော့ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်နဲ့ တိုးတက်နိုင်မှာဖြစ်ပါတယ်။

ပြီးတော့ မွေးနေ့အတွက်ပြောတဲ့စကားတွေဟာ နိုင်ငံရေးစကားတွေချည်းပဲလားလို့ တချို့က မေးပါတယ်။ အဲဒါကတော့ ရှောင်လို့မရပါဘူး။ ကျွန်မဒီလို မွေးနေ့အတွက် ပြောရတဲ့အချိန်တွေ ရောက်လာတာကလည်း နိုင်ငံရေးကြောင့် ရောက်လာတာပါ။ ဒါကြောင့် နိုင်ငံရေးစကားပဲ ပြောရမှာပါပဲ။ ဒီနိုင်ငံဟာ အခုနှစ်ဆိုလို့ရှိရင် ကျွန်မရဲ့ ခုနစ်ဆယ်မြောက် မွေးနေ့ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပမယ့်နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့အချိန်ကို ရောက်နေပါပြီ။ ဒီရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်ရလဒ် ထွက်ပေါ်ဖို့ဆိုတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ အခုအချိန်မှာ အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ်အသီးသီးက ရွေးကောက်ပွဲများမှာ အောင်မြင်ရေးအတွက် အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ယုံကြည်ချက်အရ၊ ကိုယ့်ရဲ့ အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ပုဂ္ဂိုလ်များ နိုင်အောင်လို့ လုပ်ပေးစေချင်ကြတာချည်းပါပဲ။

ဒါပေမဲ့ လုပ်ပုံကိုင်ပုံဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျွန်မတို့ ကျင်းပမလဲ၊ ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေ ဘယ်လိုဖြစ်မလဲ၊ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ကျွန်မတို့နိုင်ငံဟာ ဘယ်လိုအခြေအနေမှာ ရှိမှာလဲဆို တာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး၊ နောက်နှစ်အတွက် မဟုတ်ဘူး။ နောက် နှစ်ပေါင်းများစွာအတွက်၊ ကျွန်မတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် လူတယောက်ရဲ့ အသက်နဲ့ လူတယောက်ရဲ့ ဘ၀နဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျွန်မရဲ့ဘ၀နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘ၀တခုဆိုတာ နေ့ချင်း၊ ညချင်းဖြစ်လာတာ မဟုတ်ပါဘူး။ တဖြည်းဖြည်း တစ်နှစ်ပြီး တစ်နှစ် တစ်နှစ်ပြီး တစ်နှစ် တည်ဆောက်လာရတာပါ။ ကျွန်မက ကံကောင်းထောက်မလို့ ကျွန်မကို ကောင်းကောင်း ဆုံးမမယ့် မိဘဆရာများနဲ့ ကြီးပြင်းခဲ့ရပါတယ်။

မှန်မှန်ကန် ကန်လုပ်ဖို့၊ မှန်မှန်ကန်ကန်စဉ်းစားဖို့ အားပေးတဲ့၊ သင်ပေးတဲ့ မိဘတွေ၊ ဆရာတွေနဲ့ ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဘယ်လိုပဲ၊ ဘယ်သူကပဲသင်သင် ကိုယ်က သင်ယူမှပဲ ကိုယ့်ကိုယ်ကိုယ် ပြင်နိုင်မှာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကလည်း နိုင်ငံရေးပါတီတွေက ဘယ်လိုပဲပြောပြော၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပဲပြောပြော၊ ပြင်ပကမ္ဘာက ဘယ်လိုပဲပြောပြော ကိုယ့်ကိုယ်ကိုယ် ပြင်ယူမှ ရမှာပါ။ ကျွန်မတို့တွေဟာ ကျွန်မတို့အမြင်တွေ၊ ကျွန်မတို့ဖြစ်စေချင်တာတွေ ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ ဆန္ဒအိမ်မက်တွေကိုသာ တင်ပြနိုင်တာပါ။ ဒီဟာတွေကို တကယ်အကောင်အထည်ဖော်ဖို့ဆိုတာ ပြည်သူတွေပါမှ ဖြစ်မယ်။
အဓိက က ပြည်သူတွေပါပဲ။ ကျွန်မတို့နိုင်ငံဟာ အသက်ဟာဆိုလို့ရှိရင် ကျွန်မအသက်ထက် တနည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် နှစ်နှစ်ပဲ ငယ်တယ်လို့ ပြောရမှာပေါ့နော်။ သုံးနှစ်ပေါ့။ နှစ်နှစ်ခွဲ၊ သုံးနှစ်ငယ်တယ်လို့ ဆိုပါတော့။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရတဲ့အချိန်မှာဆိုရင် ကျွန်မအသက်က နှစ်နှစ်ခွဲ ရှိပါပြီ။ တိုင်းပြည်တစ်ပြည်ဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် (၆၈)နှစ်ရပ်တည်ခဲ့ပြီးပြီဆို လို့ရှိရင်တော့ ဒီတိုင်းပြည်ရဲ့ လုပ်ဆောင်မှုတွေကို သုံးသပ်နိုင်တဲ့အချိန် ရောက်လာပါပြီ။ ဒီတိုင်းပြည်ဟာ တိုးတက်ခဲ့သလား၊ ဘယ်လောက်အထိ တိုးတက်ခဲ့သလဲ။ နိုင်ငံသူ နိုင်ငံသားတွေဟာ ဘယ်လောက်အထိ ဒီလွတ်လပ်တဲ့ နိုင်ငံမှာ နေခြင်းအားဖြင့် ဘ၀တွေပိုပြီးတော့ ကောင်းလာသလဲ ဆိုတာတွေကို ကျွန်မတို့ စမ်းသပ် ဆုံးဖြတ်နိုင်တဲ့ အချိန်ရောက်လာပါပြီ။ လူတယောက် အသက်(၇၀)ပြည့်တဲ့အခါကျလို့ရှိရင် ဘယ်လောက်ဘ၀မှာ တိုးတက်မှုတွေ ရှိခဲ့သလဲဆိုတာတွေကို စမ်းသပ်ပြီးတော့ ဆုံးဖြတ်နိုင်သလိုပါပဲ။

ဒီတော့ ကျွန်မတို့နိုင်ငံ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘယ်အခြေအနေကို ဆက်သွားမလဲဆိုတာဟာ ဒီနှစ်မှာ ကျွန်မတို့ ပြည်သူလူထုတွေရဲ့ လုပ်ရပ်များကနေပြီးတော့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ရေရှည်ကိုကြည့်ပြီးတော့ လုပ်ကြပါ။ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ကမ္ဘာကြီးရဲ့လိုအပ်ချက်တွေကိုပါ ကြည့်ဖို့လိုပါ တယ်။ အခုခေတ် အခုအခါမှာ ဆိုလို့ရှိရင် ဘယ်နိုင်ငံမှ ထီးတည်းကြီး နေလို့မရပါဘူး။
ဒီကမ္ဘာဟာ ပြင်ပ ကမ္ဘာကြီးနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူ၊ ပြည်သားများဟာ ကိုယ့်ရဲ့အခြေအနေကို ကြည့်တဲ့အခါကျရင် ကမ္ဘာ့အခြေအနေ၊ ကမ္ဘာ့ရဲ့အမြင်၊ ကမ္ဘာ့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်းပြီး တော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အသက်(၇၀)…… အသက် (၇၀)ဆိုတော့ နောင်ကျွန်မတို့ နေရတယ်ဆိုလို့ရှိရင် နှစ်(၂၀)လောက် နေရတယ်ဆိုလို့ရှိရင်တောင် အင်မတန်အသက်ရှည်တယ်လို့ ပြောရမှာပါ။ ဒီ နောင်နေနိုင်မယ့် နှစ်(၂၀)လောက်အတွင်းမှာ ဒီနိုင်ငံ တိုးတက်တာ၊ ဖွံ့ဖြိုးတာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာတကယ့် ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့်၊ တန်ဖိုးထားရမယ့်ပုဂ္ဂိုလ်များ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်တာကို ကျွန်မတို့ မြင်တွေ့သွားချင်ပါတယ်။

နိုင်ငံရေးမှာဆိုလို့ရှိရင် ဘာလိုလိုနဲ့ ကျွန်မပါခဲ့တာဟာအနှစ်(၃၀)လောက် ရှိသွားပါပြီ။ နှစ်(၃၀)ဆိုတာလည်း မနည်းပါဘူး။ အဲဒီတော့ ဒီနှစ်(၃၀)အတွင်းမှာ အဓိကရခဲ့တဲ့ သင်ခန်းစာတွေ၊ ကျွန်မတို့အပေါ်မှာ မေတ္တာ၊ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေနှင့် မျှရမယ်ဆိုလို့ရှိရင် လူတိုင်း၊ လူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်တဲ့ အခြေအနေ၊ အနေအထားရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ဒါကတော့ ကမ္ဘာ့အမြင်အရ၊ လောကီအမြင်အရပေါ့လေ။ နိမ့်တာ မြင့်တာကို ဆိုလိုတာပါ။ လူတိုင်း လူတိုင်းဟာ ကိုယ့်မှာလည်း ပေးစရာရှိတယ်ဆိုတာကို မမေ့စေချင်ပါဘူး။

ယူတာကိုပဲ ယူနိုင်မှာ ဒါကိုပဲ စဉ်းစားနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူလူထုဟာ ငါတို့ဒီလောကကြီးကို ဘာပေးနိုင်သလဲဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ အဲဒီလိုစဉ်းစားမှ ကိုယ့်ရဲ့တန်ဖိုးကိုလည်း သိမှာပါ။ အခု ကျွန်မ တို့အားလုံး ပြောနေတာ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ ဘာဖြစ်လို့ ကျွန်မတို့ ယုံကြည်သလဲဆိုတာ လူတိုင်း လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာ ပါလာတယ်။ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်လို့ လူ့အခွင့်အရေးကြေညာစာတမ်းကြီးဟာ ပေါ်လာတာပါ။
အဲဒီတော့ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို တကယ်ပထမ စ အသိအမှတ်ပြုရမှာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့တန်ဖိုး မြင့်စေမယ့် ကိစ္စတွေကို အဓိကထားပြီးတော့လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ တန်ဖိုးပါ တက် သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မကနေပြီး ဘယ်သူကမှ လူတိုင်း လူတိုင်းဟာ အပြစ်ကင်းကင်းစင်စင်နဲ့ အမှားမရှိအောင်လို့ လုပ်ရမယ်လို့ ကျွန်မဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတကယ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါပေမဲ့ လူတိုင်း လူတိုင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်တဲ့ အရည်အချင်းရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် အချိန်မရွေး မှန်ကန်တဲ့ဘက်က နေပြီးတော့ ရပ်တည်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်၊ ကိုယ့် ကိုယ်ကိုယ် ကိုယ့်နိုင်ငံအတွက် ဘာမဆို ဘယ်နည်းနဲ့မဆို ဘယ်နေရာမှာမဆို လုပ်ပေးနိုင်တာကို လုပ်ပေးချင် တယ်ဆိုတဲ့ စေတနာကို ပွားများအောင်လို့ နေနိုင်ပိုင်ခွင့် ရှိပါတယ်။

အဲဒါဟာ အခြားသူတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်း လူတိုင်း တဦးချင်း တဦးချင်းရဲ့ ဆုံးဖြတ်ချက်၊ တဦးချင်း တဦးချင်းရဲ့ ခံစားချက်၊ တဦးချင်း တဦးချင်းရဲ့ စိတ်ထဲမှာရှိတဲ့ နိုင်ငံပေါ်မှာထားတဲ့ မေတ္တာ၊ စေတနာအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ကျွန်မတို့အပေါ်မှာ ကျွန်မအပေါ်မှာပေါ့နော်၊ ဒီနှစ် (၇၀)အတွင်း စေတနာ၊ မေတ္တာ ထားခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ပြောရင်းနဲ့ ကျွန်မတို့ ပြည်သူ ပြည်သားများဟာ ကျွန်မတို့ နိုင်ငံအပေါ်၊ ကျွန်မ တို့ရဲ့ ပြည်ထောင်စုကြီးအပေါ်မှာ စေတနာ၊ မေတ္တာတွေထားပြီးတော့ အားလုံး ပျော်ပျော်ရွှင်ရွှင် ချောချောမွေ့ မွေ့နဲ့ ညီညီညွတ်ညွတ် ဒီလောကခရီးကို သွားနိုင်ပါစေကြောင်း ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ် ပါတယ်။

ဇွန် ၁၉၊ ၂၀၁၅ (သောကြာနေ့)
လင်းလင်းအောင်
Credit - NLD CHAIRPERSON
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒေါ်အောင်ဆန်းစုကြည် အသက် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း  ဒေါ်အောင်ဆန်းစုကြည် အသက် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း Reviewed by သစ်ထူးလွင် on 16:31 Rating: 5
Powered by Blogger.