ငြိမ်းချမ်းရေး ထိခိုက်စေသည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေးဝန်ကြီးထံ ၀ တပ်ဖွဲ့တိုင်ကြား

Photo - UWSA ၀ တပ်ဖွဲ့
ဂျွန်လ ၂၆ ရက် ၂၀၁၅

UWSA ၀ တပ်ဖွဲ့နှင့် အစိုးရအကြား ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေး ထိခိုက်စေနိုင်သည့် သတင်းဖော်ပြရေးသားချက်များနှင့် ပတ်သက်၍ စီစစ်အရေးယူပေးရန် ၀ တပ်ဖွဲ့မှ ပြန်ကြားရေးဝန်ကြီးထံ တိုင်ကြားထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက ၀ ဒေသ ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များတက်ရောက်သော ပန်ဆန်းညီလာခံနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများက- ၀ မှ ပြည်နယ်တောင်းခံရာတွင် တရုတ်က ကျောထောက်နောက်ခံ ပြုနေကြောင်း၊ မူးယစ်ကိစ္စအပါဝင် ၊ ကိုးကန့် တပ်ဖွဲ့နှင့်လည်း ပတ်သက်ကြောင်း - ဖော်ပြ ခဲ့ကြသည်။

ယင်းဖော်ပြချက်များအနက် အချို့မှာ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်နေခြင်း၊ ကိုးကန့်အဖွဲ့အား မြှောက်ပေးခြင်း တို့ကို သက်ရောက်စေသဖြင့် ငြိမ်းချမ်းရေး အရ ထိခိုက်နေသောကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း UWSP မှ တာဝန်ရှိသူတဦးက ပြောသည်။

‘ ၀ နဲ့ ပတ်သက်လို့ တချို့မီဒီယာတွေရဲ့ ဖော်ပြချက်တွေက တဘက်သတ်တအားဆန်လွန်းတယ်။ ဥပမာ အလဲဗင်းသတင်းစာရဲ့ ကာတွန်းဖော်ပြချက်မှာ ဆိုရင် ဒီလောက်ချမ်းသာမှာပေါ့ အကုန် ဘိန်းရောင်းနေတာ ဆိုတာမျိုး။ တချို့ဆိုရင်လည်း ကျနော်တို့က တိုင်းရင်းသားမဟုတ်ဘူး ဆိုတာမျိုးတွေကနေ လက်နက်ကိုင်အဖွဲ့တွေကို မြောက်ပေးဖို့ ညီလာခံကိုလုပ်တာတွေအထိ စသဖြင့်ပေါ့လေ။ အဲလို ဖော်ပြတဲ့အတွက် ငြိမ်းချမ်းရေးအတွက် အဟန့်တားဖြစ်စေပြီး ပြည်သူတွေကလည်း ၀ တွေအပေါ် အထင်အမြင်လွှဲမှားစေတယ်။ဒါကြောင့် ၀န်ကြီးဦးရဲထွဋ်ဆီကို တိုင်ထားတယ်။ ‘ ဟု အဆိုပါ အမည်မဖော်လိုသည့် ၀ တပ်ဖွဲ့အရာရှိငယ်တဦးက ပြောသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ပြောခွင့်ရ ဦးအောင်မြင့်ကမူ ၀ တပ်ဖွဲ့နှင့် ပတ်သက်ပြီး အဖွဲ့အစည်းအားထိခိုက်စေသည့် ရေးသားေ ဖ်ာပြမှုများ ပြုလုပ်သည့် မီဒီယာများကို တရားစွဲဆိုသွားမည်ဟု သတင်းမီဒီယာအချို့အား ပြောဆိုခဲ့ဖူးသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး အင်အားအကြီးမာဆုံးနှင့် နယ်မြေအကျယ်ပြန့်ဆုံး ထိန်းချုပ်ထားနိုင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။

သျှမ်းသံတောင်ဆင့် / စိုင်းအောင်လွင်
https://www.facebook.com/Panglong.burmese

ငြိမ်းချမ်းရေး ထိခိုက်စေသည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေးဝန်ကြီးထံ ၀ တပ်ဖွဲ့တိုင်ကြား  ငြိမ်းချမ်းရေး ထိခိုက်စေသည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေးဝန်ကြီးထံ ၀ တပ်ဖွဲ့တိုင်ကြား Reviewed by သစ်ထူးလွင် on 04:22 Rating: 5
Powered by Blogger.