ပိုက်ဆံပေးလှည့်ပြန်ခိုင်းတဲ့ အသေးစိတ်အချက် ပေါ်လာ

လူကုန်ကူးသူ လှေအမှုထမ်းကို သြစတြေးလျက အမေရိကန် ဒေါ်လာ ၃၁၀၀၀ ပေးခဲ့တယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။ (Credit: ABC licensed) 
 သြစတြေးလျ ​နိုင်ငံ ​ရေပိုင်နက်ထဲ ​ဝင်လာတဲ့ ​လှေတစ်စီးကို ​သြစတြေးလျက ​ငွေပေးပြီး ​လှည့်ပြန်ခိုင်းတယ် ​ဆိုတဲ့ ​အသေးစိတ် ​အချက်အလက်တွေကို ​အင်ဒိုနီးရှားရဲတွေက ​အေဘီစီကို ​ပေးလာပါတယ်။

အေဘီစီက ​ရရှိတဲ့ ​အချက်အလက်တွေမှာတော့ ​သြစတြေးလျ ​လုံခြုံရေး ​သမားတွေက ​လူကုန်ကူးတဲ့ ​လှေအမှုထမ်းတွေကို ​ပေးတဲ့ ​အမေရိကန် ​ဒေါ်လာ ​သုံးသောင်းကျော်လည်း ​ပါရှိပါတယ်။

အင်ဒိုနီးရှား ​ရဲတွေရဲ့အဆိုအရ ​လှေပေါ်ပါလာသူ ​၆၅ ​ယောက်ကို ​သြစတြေးလျ ​အာဏာပိုင်တွေက ​လှေနှစ်စီးပေါ် ​ပြောင်းတင်လိုက်ပြီး ​အင်ဒိုနီးရှားကို ​ပြန်ပို့ခဲ့တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျက ​ပေးလိုက်တဲ့ ​လှေနှစ်စင်းထဲက ​တစ်စင်းက ​နောက်ပိုင်းမှာ ​ပျက်သွားလို့ ​လှေပေါ်ပါလာသူတွေက ​လှေတစ်စီးထဲမှာပဲ ​စုပေါင်းပြီး ​လှည့်ပြန်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​လှေတစ်စင်းနဲ့ ​ခရီးဆက်ကြတုန်း ​အင်ဒိုနီးရှားရေပိုင်နက်မှာ ​ကျောက်တန်းနဲ့ ​တိုက်မိရာက ​အင်ဒိုနီးရှား ​တံငါသည်တွေက ​လှေပေါ်ပါလာသူတွေကို ​ကယ်ဆယ်ရာက ​ရဲတွေ ​သိရှိရတာ ​ဖြစ်ပါတယ်။

လှေပေါ်မှာ ​မြန်မာနိုင်ငံသား ​တစ်ဦးအပြင်၊ ​သီရိလင်္ကာနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

အဲဒီလှေကို ​သြစတြေးလျက ​နှစ်ကြိမ် ​တွေ့ရှိခဲ့တယ်လို့လည်း ​ပြောပါတယ်။

ပထမအကြိမ်မှာ ​ပြန်လှည့်ပြန်ဖို့သာ ​ပြောဆိုပြီး ​ဒုတိယအကြိမ် ​ထပ်တွေ့တဲ့အခါမှာတော့ ​သြစတြေးလျ ​အာဏာပိုင်က ​လှေအမှုထမ်းတွေကို ​ဒေါ်လာ ​သုံးသောင်းကျော်ပေးပြီး ​ပြန်လှည့်ပြန်ခိုင်းခဲ့တာလို့ ​အင်ဒိုနီးရှားရဲက ​ပြောပါတယ်။

သြစတြေးလျရဲ့ ​လုပ်ရပ်ကို ​အင်ဒိုနီးရှားက ​အမျက်ဒေါသထွက်နေပြီး ​ကျင့်ဝတ်နဲ့ ​မညီပဲ ​ဒါဟာ ​လူကုန်ကူးသူတွေကို ​လာဒ်ထိုးတာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

သြစတြေးလျ ​နိုင်ငံသား ​တချို့ကလည်း ​လူကုန်ကူးသူတွေကို ​ငွေပေးရင် ​တခြားလှေတွေ ​ထပ်ဝင်လာပြီး ​ပိုက်ဆံရမှ ​ပြန်လှည့်ပြန်မယ့် ​ကိစ္စတွေ ​ပိုဖြစ်လာဖို့ ​ရှိတယ်လို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ရှင်းပြဖို့ ​အဖက်ဖက်က ​တောင်းဆိုကြပေမယ့် ​သြစတြေးလျ ​အစိုးရကတော့ ​ငွေပေးတယ်လို့ ​မဝန်ခံထားသလို ​ငြင်းဆိုမှုလည်း ​မလုပ်ထားပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပိုက်ဆံပေးလှည့်ပြန်ခိုင်းတဲ့ အသေးစိတ်အချက် ပေါ်လာ  ပိုက်ဆံပေးလှည့်ပြန်ခိုင်းတဲ့ အသေးစိတ်အချက် ပေါ်လာ Reviewed by သစ်ထူးလွင် on 18:01 Rating: 5
Powered by Blogger.