ပါကစ္စတန်မှာ အပူလှိုင်းကြာင့် လူ ၁၂၀ ကျော် သေဆုံး


ပါကစ္စတန် တောင်ပိုင်း Sindh ပြည်နယ်မှာ အပူလှိုင်း ရိုက်ခတ်မှုကြောင့် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်။

သေဆုံးသူ အများစုဟာ အခုရက်ပိုင်းအတွင်း အပူချိန် ၁၁၃ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိနေတဲ့ ကရာချိမြို့က ဖြစ်ကြတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုကြောင့် လျှပ်စစ်အား ပိုမို သုံးစွဲဖို့ လိုအပ်လာတဲ့အတွက် မြို့တွင်းမှာ လျှပ်စစ်ပြတ်တောက်မှုတွေလည်း ကြုံတွေ့နေရပါတယ်။

အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ အများစုဟာ အသက်ကြီးသူတွေ ဖြစ်ကြတယ်လို့ ကရာချိမြို့ Jinnah ဆေးရုံ အရေးပေါ်ဌာန အကြီးအကဲဖြစ်သူက ပြောပါတယ်။

အပူလှိုင်း ရိုက်ခတ်ခံရတဲ့ သူတွေဟာ အဖျားပြင်းထန်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ တက်တာ စတဲ့ လက္ခဏာတွေနဲ့ ဆေးရုံရောက်လာကြတယ်လို့ ဒေါက်တာ Semee Jamali က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ကရာချိမြို့မှာ ၁၁၄ ဦး နဲ့ Sindh ပြည်နယ်က တခြား ခရိုင် ၃ ခုမှာ ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ် ကျန်းမာရေး အတွင်းရေးမှူးဖြစ်သူက အေအက်ပီကို ပြောပါတယ်။

ပါကစ္စတန်ရဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာလည်း ပြီးခဲ့တဲ့လက အပူလှိုင်း ရိုက်ခတ်မှုကြောင့် လူပေါင်း ၁၇၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ပါကစ္စတန်မှာ အပူလှိုင်းကြာင့် လူ ၁၂၀ ကျော် သေဆုံး  ပါကစ္စတန်မှာ အပူလှိုင်းကြာင့် လူ ၁၂၀ ကျော် သေဆုံး Reviewed by သစ်ထူးလွင် on 18:16 Rating: 5
Powered by Blogger.