တောင်ကုတ်ရေကြီးရာ၌ နှစ်ဦးသေ၊ နှစ်ဦးပျောက်ဆုံး

(တောင်ကုတ်တွင် အဆိုးရွားဆုံး ရေကြီးနေစဉ်- ဓာတ်ပုံ- ရက္ခ)
ဇွန်လ ၂၈

တောင်ကုတ်မြို့နယ်တွင် မကြုံစဖူး ရေကြီးမှုကြောင့် လူနှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေသည်ဟု သတင်းရကြောင်း PSC ပြည်သူ့အကျိုးဆောင် ကော်မတီ (တောင်ကုတ်)မှ ကိုဇေယျာကျော်က ပြောကြားသည်။

“ အဖိုးကြီးတစ်ဦးနဲ့ ကလေးမလေး တစ်ဦး အလောင်းတော့ ရပြီ။ ကျန် နှစ်ဦးကတော့ ရေစီးနဲ့ မျောပါသွားပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ် ရဲစခန်းသို့ နိရဉ္စရာမှ ဇွန်လ ၂၇ ဆက်သွယ်မေးမြန်းရာ သေဆုံးသူ တစ်ဦးသာ သတင်းရသေးကြောင်း၊ ယင်းသေဆုံးသူ အမျိုးသမီးငယ်မှာ ကိုင်းရှည်ရွာမှ မရတနာစိုး ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ယနေ့တောင်ကုတ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖြေကြားမည့်သူ မရှိသဖြင့် တောင်ကုတ်၏ နောက်ဆုံး အခြေအနေကို မေးမြန်းတင်ပြနိုင်ခြင်းမှာ မရှိပါ။

ကိုဇေယျာကျော်မှ တောင်ကုတ်တွင် ရေကျသွားပြီ ဖြစ်သော်လည်း တင်ကျန်နေရစ်သော ရွံ့နွံများကို ရှင်းထုတ်နေရကြောင်း၊ လူအများအပြား ၀မ်းရောဂါ ခံစားနေရကြောင်း၊ ဆေးဝါး၊ သောက်သုံးရေ၊ ဓာတ်ဆားထုတ်၊ အစားအစာများ အပူတပြင်းလိုအပ်နေကြောင်း ပြောဆိုသည်။

တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားကြောင်း ပြောဆိုပြီး တာဝန်ကျ အရာရှိမှာလည်း မရှိဟု ပြောဆိုသဖြင့် အဆက်အသွယ် ရရှိခြင်း မရှိခဲ့ပါ။

 Narinjara
https://www.facebook.com/pages/Narinjara
တောင်ကုတ်ရေကြီးရာ၌ နှစ်ဦးသေ၊ နှစ်ဦးပျောက်ဆုံး  တောင်ကုတ်ရေကြီးရာ၌ နှစ်ဦးသေ၊ နှစ်ဦးပျောက်ဆုံး Reviewed by သစ်ထူးလွင် on 07:07 Rating: 5
Powered by Blogger.