လူသတ်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယရှိရသူ မြန်မာနိုင်ငံသား စင်္ကာပူမှ ထွက်ခွာလွတ်မြောက်နေခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မသိရှိသေး



စင်္ကပူနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူသတ်ရန်ကြံစည်မှုဖြင့် မြန်မာ ၃ ဦးဖမ်းဆီးခံရမှုတွင် ပါဝင်ပက်သက်သည်ဟု သံသယရှိရသူ စတ္တုထလူ မြန်မာနိုင်ငံသားတဦး လွတ်မြောက်နေမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဘက်မှ မသိရှိသေးကြောင်း နိုင်ငံတကာဆက်ဆံဌာန မှ အဆင့်မြင့်အရာရှိတဦးက ဇွန် ၂၅ ညနေပိုင်းက News Watch သို့ ပြောကြားသည်။

စင်္ကာပူရဲတပ်ဖွဲ့က အလိုရှိနေသူ ၀င်းကျော်ကျော်အောင်သည် စင်ကာပူနိုင်ငံမှ ထွက်ခွာသွားခဲ့သည်ဟုဆိုသော်လည်း မည်သည့်နိုင်ငံသို့ ထွက်ခွာသွားသည်ကို မသိရှိရသေးချေ။

“ဘယ်နေ့ကဖြစ်တာလဲ။ ၂၄ ရက်နေ့ကဆို ဒီဘက်ကိုမလာသေးဘူး။ တကယ်ဖြစ်တာမှန်ရင်တော့ ဒီဘက်ကို အကူအညီ လာတောင်းမှာပါ။”ဟု မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့ နိုင်ငံတကာဆက်ဆံဌာနမှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

ဆက်လက်၍ “ကျွန်တော်တို့ ဌာနကနေပြီးတော့ ချိတ်ဆက်ပြီး တောင်းခံမှုမရှိသေးပါဘူး။ တကယ်လို့ အကူအညီတောင်းခံရင် နိုင်ငံတကာချိတ်ဆက်တဲ့ ဌာန လုပ်ထုံးလုပ်နည်းအတိုင်း လာတယ်။ ပတ်စဖို့ နံပါတ် ဘယ်လောက်ဘယ်လောက်၊ မြန်မာနိုင်ငံသား ဘယ်သူဘယ်သူဆိုပြီး အတိအကျ လာရောက်အကူအညီတောင်းတာရှိတယ်။ ဒီအမှုဖြစ်ပွားတာကို မသိထားသေးပါဘူး။ ဘာလို့လဲဆိုတော့ ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကနေ ၀င်မလာသေးပါဘူးခင်ဗျာ။” ဟု ၄င်း အရာရှိကဆိုသည်။

ရဲဝင့်အောင် အသက် (၃၂)၊ ဖြိုးမင်းနိုင် အသက် (၃၁)နှင့် ဇော်မင်းလှိုင် စင်္ကာပူနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရထားသူ အသက် (၃၇)နှစ် သုံးဦးတို့သည် စင်္ကာပူနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရထားသည့် မြန်မာအမျိုးသား အေးမောင်မောင်သက် အသက် (၂၈) နှစ် ဆိုသူအား သတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်ဖြင့် ဇွန်လ ၂၄ ရက်နေ့ ၌ စင်္ကာပူ ခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စွပ်စွဲခံ ၄ ဦးသည် တနင်္ဂနွေနေ့(ဇွန် ၂၁) က အေးမောင်မောင်သက်အား လျှပ်စစ်ကျဉ်စက် taser ဖြင့် တို့၍ မလှုပ်ရှားနိုင်အောင်ပြုလုပ်ပြီး ကားပါကင်မှနေ၍ ပြန်ပေးဆွဲရန် ကြံစည်ကြိုးစားခဲ့ကြောင်း၊ အေးမောင်မောင်သက်က အော်ဟစ် အကူအညီတောင်းခံသဖြင့် ၎င်းတို့ ၄ ဦး ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။ နောက်ရက်တွင် စွပ်စွဲခံ ၁ ဦးကို စတင်ဖမ်းဆီးနိုင်ခဲ့ပြီး အခြား ၂ ဦးကို စင်ကာပူအရှေ့ပိုင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေအိမ်ယာတွင် ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ သုံးဦးအား ဖမ်းဆီးရမိရာတွင် လွှစက် ၁ ခု၊ အသားစဉ်းစက် ၁ ခု၊ သားလှီးဓါးအပါအ၀င် အခြားထိန့်လန့်ဖွယ်ရာ ကိရိယာများ တွေ့ရှိခဲ့ကြောင်း နှင့် အဆိုပါ အမှုတွင် ပါဝင်ပတ်သတ်သည် ဟု သံသယရှိရသူ ၀င်းကျော်ကျော်အောင် အသက် (၂၉) ဆိုသူ သည် ဇွန်လ ၂၂ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ ထွက်ခွားသွားကြောင်း စင်္ကာပူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။

အတည်မပြုနိုင်သော သတင်းအရ အေးမောင်မောင်သက်သည် အေးမောင်မောင်သက်သည် အမည်မသိ မြန်မာအမျိုးသမီးတဦးနှင့် သမီးရည်းစားဆက်ဆံရေးရှိခဲ့ပြီး အဆင်မပြေဖြစ်သဖြင့် ၎င်းတို့ပြဿနာကိုဖြေရှင်းပေးရန် ဇော်မင်းလှိုင်ထံ အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
လူသတ်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယရှိရသူ မြန်မာနိုင်ငံသား စင်္ကာပူမှ ထွက်ခွာလွတ်မြောက်နေခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မသိရှိသေး  လူသတ်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယရှိရသူ မြန်မာနိုင်ငံသား စင်္ကာပူမှ ထွက်ခွာလွတ်မြောက်နေခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မသိရှိသေး Reviewed by သစ်ထူးလွင် on 17:22 Rating: 5
Powered by Blogger.