တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ


တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၅ ဦးရှိသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရောဂါစတင်တွေ့ရှိခဲ့တဲ့ မေလ ၂၀ ရက်နေ့ကနေ လက်ရှိအချိန်အထိ သေဆုံးသူ ဦးရေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Moon Hyung-pyo က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဝန်ကြီးဟာ သတင်းထောက်တွေနဲ့ မတွေ့ဆုံခင်မှာ တောင်ကိုရီးယား ကျန်းမာရေးအဖွဲ့ချုပ်ကို သွားရောက်ခဲ့ပြီး မားစ်ရာဂါကာကွယ်တားဆီးရေး ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံစည်းဝေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဘာရိန်းနိုင်ငံ၊ ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ ယူအေအီးနိုင်ငံ ၃ နိုင်ငံကို သွားရောက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသားကနေတဆင့် ရောဂါကူးစက်ခဲ့တာလို့ တောင်ကိုရီးယားကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားနိုင်ငံထဲမှာ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိအောင် အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

ဒီမားစ်ရောဂါဟာ ၂၀၁၂ ခုနှစ်က လူသားတွေကို ပထမဆုံးစတင်ကူးစက်ခဲ့ပြီး ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါဗိုင်းရပ်စ်နဲ့ မျိုးရင်းတူဗိုင်းရပ်စ်တမျိုးကြောင့်ဖြစ်ပွားရတာပါ။

နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၁၄၂ ဦးရှိပါတယ်။ မေလ ၁၆ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၄၆၅ ဦး သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တပတ်က ထုတ်ပြန်ခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ Reviewed by သစ်ထူးလွင် on 19:20 Rating: 5
Powered by Blogger.