ကိုပါကြီးအသတ်ခံရမှု အရပ်ဖက်တရားရုံး ဆက်လက်စစ်ဆေး

ရှေ့နေ ရောဘတ်စန်းအောင်နှင့် မသန္တာတို့အား ကျိုက္ကမရော တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ - မင်းနေထူး)
 အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အပြစ်ကျူးလွန်သူတွေကို စစ်တရားရုံးက တရားသေ လွှတ်ပေး လိုက်ပေမယ့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးမှာတော့  ဒီကနေ့ သက်သေတွေကို ဆက်လက်စစ်ဆေး နေပါတယ်။

ဒီအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုရဲမှူး  ဦးတင်ဦးက တရားလိုလုပ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဖို့ သေမှုသေခင်းအနေနဲ့  အမှုဖွင့် စစ်ဆေးတာဖြစ်ပါတယ်။

ဒီကနေ့တော့  ကိုပါကြီးရဲ့ ဇနီး ဒေါ်သန္တာကို သက်သေအဖြစ် တရားရုံးမှာ အဓိက စစ်ဆေးခဲ့တာဖြစ်ပြီး ကိုပါကြီး  စတင် ပျောက်ဆုံးစဉ်တည်းက ခုချိန်ထိ  မြင်တွေ့ကြားသိရ သမျှတွေကို  တနေ့ကုန် ဖြေကြားခဲ့ရတယ်လို့  တရားရုံး ထွက်လာတဲ့ ဒေါ်သန္တာ ကပြော ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး  ဧပြီ ၁၀ ရက်၊ ၂၃ ရက်၊ ၃၀ ရက်နဲ့   ဒီကနေ့  မေလ ၁၁ ရက်နေ့ တွေမှာ ကျိုက်မရော တရားရုံးမှာ စစ်ဆေးနေတာ စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး လာမယ့် မေလ ၂၅  ရက်နေ့ မှာ ရုံးချိန်းထပ်မံချိန်း ဆိုထားပါတယ်။

ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး အစောင့်စစ်သည် ဒုတပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သား နိုင်လင်းထွန်းတို့ကို တပ်မတော်ဥပဒေတွေနဲ့ စစ်တရားရုံးကစစ်ဆေးပြီး တရားသေလွှတ်ဖို့ အမိန့်ချလိုက်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မေလ ၈ နေ့က သတင်းထုတ်ပြန်ပါတယ်။  ဒီအရေးယူမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောတယ်လို့လည်း ဆိုပါတယ်။

ဒီအမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေ  ဦးရောဘတ်စန်းအောင် နဲ့ ကိုပါကြီးရဲ့ဇနီးဒေါ်သန္တာတို့ကတော့  စစ်ဘက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချ ကန့်ကွက် တယ်လို့ ပြောပါတယ်။

ဒေါ်သန္တာက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တယ်လို့ ဆိုတယ်၊ အဲဒါကျမက မေးစရာဖြစ်နေတယ်၊ ကျမခင်ပွန်းသည်ကိုဖမ်းတုန်းကဘာလို့ ဥပဒေအရ မဖမ်းတာလဲ။ ဥပဒေအရ မစစ်ဆေးတာလဲ၊ ဥပဒေအရဘာလို့ တရားစွဲဆိုခြင်းမပြုခဲ့တာလဲ၊ ဖမ်းဆီးစဉ်ကာလက ပုဒ်မ ၁၄၄ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ထားတာလည်း မဟုတ်ဘူး။ ကျမခင်ပွန်းကိုတော့ ဥပဒေမဲ့ သတ်ပစ်ပြီးတော့ ပစ်သတ်တဲ့ စစ်တပ်က တရားခံ ၂ ယောက်ကျတော့ ဥပဒေအရ လွှတ်တယ်ဆိုတာ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တလုံးခြားလုပ်နေခြင်းပဲ”လို့ပြောပါတယ်။

လတ်တလော စစ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အရပ်ဖက်တရားရုံးကို သက်ရောက်မှု မရှိသေးဘူး လို့လည်း ပြောပါတယ်။

ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်က တော့ အမှုကို ပွင့်လင်းမြင်သာမှုရှိစေဖို့ နယ်ဘက် တရားရုံးမှာ စစ်ဆေးသင့်တယ်လို့ သမ္မတကို အကြံပြုခဲ့တာဖြစ်ပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ  ဦးစစ်မြိုင်က“ ကျနော်တို့က အကြံပြုထားတာ လွတ်လပ်မျှတမှုရှိဖို့၊ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ ပါ နိုင်ငံသားရဲ့ အခွင့်အရေးကို ခံစားရရှိဖို့ ကျနော်တို့ ဘက်က အကြံပြုတာကတော့ အပြည့်အစုံပေါ့လေ။ အခုကတော့ တပ်ဘက်ကလည်း တပ်ရဲ့ ဥပဒေအရ တပ်မတော် အက်ဥပဒေအရဆောင်ရွက်တာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလည်း တပ်ကိုလည်း စစ်တရားရုံးတွေဖွဲ့ စစ်ခွင့်ပေးတာတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်သည် အတည်ဖြစ်သည်လို့လည်း ပါတယ်ဗျ။ ကျနော်တို့ လူ့အခွင့်အရေဘက်ကတော့ လုပ်နိုင်တာ လုပ်သင်တာ လုပ်ပေးလိုက်ပြီလို့ ပြောချင်ပါတယ်။ ဒီဥစ္စာက ဥပဒေကြောင်းပိုင်းဖြစ်သွားတဲ့အခါကျတော့ ဥပဒေကြောင်းအရပဲ သွားရတော့မယ်လို့ ကျနော်မြင်တယ်။ ဥပဒေကြောင်းအရ ဘယ်လို လမ်းကြောင်းရှိမလဲတော့ ကျနော်မပြောတတ်ဘူး” လို့ပြောပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရ စစ်တပ်တိုက်ပွဲ သတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ်  ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

 By ဒီဗွီဘီ
http://burmese.dvb.no
ကိုပါကြီးအသတ်ခံရမှု အရပ်ဖက်တရားရုံး ဆက်လက်စစ်ဆေး  ကိုပါကြီးအသတ်ခံရမှု အရပ်ဖက်တရားရုံး ဆက်လက်စစ်ဆေး Reviewed by သစ်ထူးလွင် on 18:20 Rating: 5
Powered by Blogger.