ရုရှားဂြိုဟ်တု မေ ၈ ရက်နေ့ ကမ္ဘာမြေပေါ် ပြန်ကျမည်


နိုင်ငံတကာအာကာသစခန်းကို ရိက္ခာပို့လွှတ်လိုက်တဲ့ မောင်းသူမဲ့ ရုရှားဂြိုဟ်တုဟာ အာကာသစခန်းကို မရောက်ပဲ မေလ ၈ ရက်မှာ ကမ္ဘာမြေပေါ် ပြန်ကျလာတော့မှာဖြစ်ပါတယ်။
ဓာတ်ပုံ – space.com
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က Kazakhstan နိုင်ငံ၊ ဒုံးပျံလွှတ်တင်ရေးစခန်းကနေ ရိက္ခာအစားအသောက်၊ လောင်စာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကို ဒုံးပျံနဲ့ တင်လွှတ်လိုက်တာပါ။

ဂြိုဟ်တုပတ်လမ်းထဲရောက်ရှိပြီး ခဏအကြာမှာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး ရေဒါ အချက်အလက်တွေအရ ကမ္ဘာမြေပေါ် ပြန်ကျလာတာကို တွေ့ရတာပါ။ မေလ ၈ ရက်နေ့ ဗြိတိန်စံတော်ချိန် မနက် ၉ နာရီမှာ ကမ္ဘာမြေပေါ် ကျရောက်မယ်လို့ အမေရိကန်လေတပ်က ဆိုပါတယ်။

ပြန်အကျမှာ ကမ္ဘာ့လေထုထဲ မီးလောင်ကျွမ်းသွားနိုင်ပြီး အပိုင်းအစတွေပဲ ပင်လယ်ထဲ ကျရောက်နိုင်ခြေများတယ်လို့လည်း ရုရှားအာကာသအေဂျင်စီက ဆိုပါတယ်။

ဘာကြောင့် နိုင်ငံတကာအာကာသစခန်းနဲ့ မချိတ်ဆက်မိပဲ ပြန်ကျလာလဲဆိုတာကို စုံစမ်းနေပြီး မေလ ၁၃ ရက်နေ့မှာ ရုရှားအာကာအေဂျင်စီက ကနဦးတွေ့ရှိချက်တွေ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ဒီရိက္ခာသယ်ဂြိုဟ်တု အာကာသစခန်းကို ရောက်မသွားပေမယ့် အာကာသယာဉ်မှူးတွေ အတွက် ၄ လစာရိက္ခာ အလုံအလောက်ရှိတယ်လို့ နာဆာက ပြောပါတယ်။

၁၉၇၉ ခုနှစ်က အမေရိကန် Skylab အာကာသစခန်းအပါအ၀င် အာကာသယာဉ် အပိုင်းအစတွေ အရင်ကလည်း ကမ္ဘာမြေပေါ် အထိအခိုက်မရှိ ပြန်ကျခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/
ရုရှားဂြိုဟ်တု မေ ၈ ရက်နေ့ ကမ္ဘာမြေပေါ် ပြန်ကျမည်  ရုရှားဂြိုဟ်တု မေ ၈ ရက်နေ့ ကမ္ဘာမြေပေါ် ပြန်ကျမည် Reviewed by သစ်ထူးလွင် on 20:13 Rating: 5
Powered by Blogger.