ဗြိတိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီအနိုင်ရနေ


 ဗြိတိန်နိုင်ငံမှာ မေလ ၇ ရက်နေ့က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို ထုတ်ပြန်ကြေညာနေရာမှာ လက်ရှိ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ ကွန်ဆာဗေးတစ်ပါတီ က အပြတ်အသတ် အနိုင်ရနေပါတယ်။

ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲလောက် နောက်ဆုံးထုတ်ပြန်ထားတဲ့ မဲရလဒ်တွေအရ အမတ်နေရာ စုစုပေါင်း ၆၅၀ အနက် ၆၃၈ နေရာက ဆန္ဒမဲတွေ ရေတွက်အပြီးမှာ ကွန်ဆာဗေးတစ်ပါတီက ၃၂၃ နေရာ အဓိက အတိုက်အခံ လေဘာပါတီက ၂၂၈ နေရာ၊ စကော့တလန်အမျိုးသားပါတီ (အက်စ်အန်ပီ)က ၅၆ နေရာ၊ လစ်ဘရယ် ဒီမိုကရက်ပါတီက ၈ နေရာ အသီးသီး အနိုင်ရနေပါတယ်။
ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ကွန်ဆာဗေးတစ်ပါတီက ၃၆ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် ၃၂၆ နေရာရရှိဖို့ မဲအနည်းငယ်ပဲလိုတော့တာဖြစ်ပြီး လေဘာ ပါတီက ၃၀ ရာခိုင်နှုန်းကျော် ရနေတာလည်းဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ ၁၀ စုနှစ်တွေအတွင်း အကြိတ်အနယ်အရှိဆုံးရွေးကောက်ပွဲ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။

လေဘာပါတီဟာ စကော့တလန်နယ်မှာ အက်စ်အန်ပီပါတီကို ရှုံးနိမ့်ပြီး မဲတွေ လက်လွှတ်ဆုံး ရှုံးခဲ့ရတာဖြစ်ပြီး ပါတီခေါင်းဆောင် အက်ဒ် မီလီဘန်းကတော့ လေဘာပါတီ အတွက် အရမ်းကို စိတ်ပျက်စရာ ကောင်းပြီး ခက်ခဲတဲ့ညဖြစ်တယ်။ ရှုံးနိမ့်မှုတွေဟာ ခံရခက်ပေမယ့် ကျနော်တို့ဟာ ဒီနိုင်ငံက ပြည်သူတွေအတွက် ဘယ်တော့မှ မရပ်မနားပဲ အလုပ်လုပ်သွား မယ့်ပါတီဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဒေးဗစ်ကင်မရွန်းကတော့ အားလုံးအတွက် တောက်ပတဲ့ အနာဂတ်တွေရှိနေတယ်၊ ကံကောင်းထောက်မစွာ ၀န်ကြီးချုပ်အဖြစ် ထပ်တာဝန်ထမ်း ဆောင်ခွင့်ရရင် တခုတည်းသောနိုင်ငံ တခုတည်းသော ယူကေ ဖြစ်အောင် အုပ်ချုပ်သွားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကွန်ဆာဗေးတစ်ပါတီဟာ အမတ်နေရာ ၆၅၀ အနက် ၃၀၆ နေရာပဲရပြီး အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်နေရာ ထက်ဝက်ကျော်မရခဲ့တာကြောင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ရပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ဗြိတိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီအနိုင်ရနေ  ဗြိတိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီအနိုင်ရနေ Reviewed by သစ်ထူးလွင် on 19:00 Rating: 5
Powered by Blogger.