မြန်မာစီးပွါးရေး အလားအလာ ကြိုးနီစနစ်နှောင့်ယှက်

အင်ဒီယားနားပြည်နယ် Indianapolis မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာဆက်ဆံရေးညီလာခံ။ 
မြန်မာနိုင်ငံမှာ စီးပွားရေး တံခါးဖွင့်ပေးလိုက်တယ် ဆိုပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေ အတွက် အပြည့်အ၀ လုပ်ကိုင်နိုင်ဖို့ အခြေအနေတွေ မရှိသေးဘူးလို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID က သုံးသပ် လိုက်ပါတယ်။ မေလ (၂၉)ရက်နေ့က အင်ဒီယားနားပြည်နယ် Indianapolis မှာကျင်းပတဲ့ အမေရိကန်-မြန်မာဆက်ဆံရေးညီလာခံမှာ USAID ရဲ့ အာရှရေးရာ ညွန်ကြားရေးမှုး Dany Khy က ပြောဆိုသွားတာပါ။ အဲဒီညီလာခံမှာ ကျမတို့ရဲ့ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် တက်ရောက် သတင်းယူနေပါတယ်။ အသံလွှင့်ချိန် မတိုင်ခင် သူ့ကိုဆက်သွယ်ပြီး ညီလာခံမှာ အဓိကဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို အရင်မေးကြည့်တော့ သူကအခုလိုစပြောပါတယ်။

ကိုဇော်ဝင်းလှိုင်။     ။  "အကြောင်းအရာတွေကတော့ အများကြီးဆွေးနွေး ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ ယေဘူယျ အားဖြင့် ကောက်ချက်ချလို့ရတာက အကြောင်းအရာ သုံးခုလောက်ကို အဓိက ထားပြီးတော့ ကြည့်လို့ရနိုင်ပါတယ်။ ပထမတချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲ မှုတွေက အားနည်းချက်တွေ၊ အားသာချက်တွေကို ဆွေးနွေးကြတယ်။ နောက် ဒီအမေရိကန်နိုင်ငံ မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အခုလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ ဘယ်လိုပါဝင် ကူညီနိုင်ကြမလဲ ဆိုတာကိုလည်း သူတို့ဆွေးနွေးကြတယ်။နောက် အမေရိကန် အစိုးရကနေ အကူအညီပေးနေတဲ့ ကိစ္စတွေကိုလည်း သူတို့ ပြောဆိုဆွေးနွေးကြတာရှိပါတယ်။ "

မအင်ကြင်းနိုင်။    ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ အားသာချက်၊ အားနည်းချက်တွေကို သူတို့ဆွေးနွေးတဲ့အခါမှာ သူတို့ အဓိက ဘယ် အကြောင်းအရာတွေကို ဆွေးနွေးသွားလဲဆိုတာကို အကျဉ်းချုပ်ပြီး ရှင်းပြပါဦးရှင့်။

ကိုဇော်ဝင်းလှိုင်။    ။ အားနည်းချက် ဆိုရင် ဥပမာ သူတို့ထောက်ပြတာက အခမ်းအနားကို တက်တဲ့ အမေရိကန် အစိုးရရဲ့ ကိုယ်စားလှယ်လို့ ပြောရ မှာပေါ့နော်။ သူက USAID ရဲ့ အာရှဗျူရိုတာဝန်ခံDany Khy ပြောသွားတာ ဆိုလို့ရှိရင် ဥပမာ တခုအနေနဲ့ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ပြီး ရင်းနှီးမြှပ်နှံမှု တွေ ဖိတ်ခေါ်နေတယ်ဆိုပေမဲ့ လုပ်ငန်းလုပ်ခွင့်ရဖို့ ပါမစ်ကျဖို့အတွက် မြန်မာနိုင်ငံမှာ လျောက်လွှာတင်တဲ့အခါ ဒီကြိုးနီစနစ်ပေါ့နော်။ အဆင့်ဆင့် ရုံးတွေမှာ အချိန်အကြာကြီး လိုက်လျှောက်ရတဲ့ဟာ မကောင်းဘူးပေါ့နော်။ အဲ့လိုမျိုး ကဏ္ဍတွေက ရှိနေသေးတယ်ဆိုတာကို သူက ထောက်ပြတယ်။

အားသာချက်ဆိုတဲ့နေရာမှာ တခု ကျနော်တို့ ဥပမာအနေနဲ့ ကြည့်ကြမယ် ဆိုရင် ဆွေးနွေးသူ တယောက် ပြောသွားတာက လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းကတဲ့ သူ မြန်မာပြည်သွားလည်တုန်းကဆိုရင် ဖုန်းကဒ်တွေက အရမ်းဈေးကြီး တယ်ပေါ့နော်။ သိန်းချီပြီး ပေးဝယ်ရတယ်တဲ့။ လေး ငါးသိန်းပေး ဝယ်ရတယ်ပေါ့။ သူက ဒေါ်လာနဲ့ တွက်ပြောတာပေါ့နော်  ဒေါ်လာငါးရာလောက် ပေးရတယ်တဲ့။ ဒါပေမဲ့ ဒီနှစ်ထဲ အခုတခေါက် သူသွားတဲ့အခါကျတော့ ဖုန်းကဒ်တခုကို တကျပ်ခွဲလောက်ပဲဖြစ်နေတယ်ပေါ့။ ဆိုတော့ အဲ့လို ပြောင်းလဲတိုးတက် မှုတွေရှိလာတာက လူထုအတွက် ကောင်းတယ်ပေါ့။ အဲ့လိုမျိုး အဲ့တာကို ထောက်ပြသွားတာတွေရှိပါတယ်။

မအင်ကြင်းနိုင်။     ။ အဲ့တော့ ပြည်ပရောက်မြန်မာတွေရဲ့ အကူအညီတွေပေါ့နော်။ လိုအပ်နေတယ်ဆိုတဲ့ ဆွေးနွေးပြောဆိုချက်မှာရော ဘယ်သူတွေက အဲ့ဒီ့ဟာကို ဆွေးနွေးတာလဲရှင့်။

ကိုဇော်ဝင်းလှိုင်။    ။ ဒီဆွေးနွေးပွဲကို တက်လာကြတာကတော့ ကဏ္ဍစုံပေါ့နော်။ အမေရိကန်အစိုးရာ အရာရှိတွေပါတယ်။ မြန်မာအစိုးရဘက်က အရာရှိတွေပါတယ်။ သံအမတ်ကြီးကိုယ်တိုင် ပါတယ်။ နောက်ပြီးတော့ ပြည်ပ မှာ ရောက်နေကြတဲ့ မြန်မာ အသိုင်းအဝိုင်းက မြန်မာ့အရေးကို လှုပ်ရှားနေတဲ့သူတွေလည်း တက်ကြပါတယ်။

ဆိုတော့ ဆွေးနွေးသွားကြတဲ့အထဲမှာဆိုရင် မြန်မာနိုင်ငံကို ဘယ်လိုပြန် ကူညီကြမလဲ ဆိုတာကို ဆွေးနွေးသွားကြတယ်။ ဥပမာ ဒီအခမ်းအနား ကို လက်ခံကျင်းပတဲ့ အင်ဒီးယားနားတက္ကသိုလ်ပေါ့နော်။ အင်ဒီးယားနား တက္ကသိုလ်မှာ စာပြနေတဲ့ မြန်မာပါမောက္ခ ဒေါက်တာ ဒေါ်အေးနုက သူကပြောတယ်။ သူဟာ အင်္ဂလိပ်စာ ဒီကျောင်းမှာ သင်နေတယ်။ ဆိုတော့ သူ့အနေနဲ့ သူတတ်ထားတဲ့ ပညာနဲ့ မြန်မာပြည်ကို ပြန်ပြီးတော့ ပညာရေးဟာ အရမ်းအရေးကြီးတယ်လို့ သူယူဆတဲ့အတွက် သူတတ်ထားတဲ့ ပညာနဲ့ မြန်မာပြည်မှာ ပြန်ပြီးတော့ စာပြချင်ပါတယ်တဲ့။ အဲ့တာ ဘယ်လိုပူးပေါင်းလုပ်ဆောင်ရင်ကောင်းမလဲဆိုတာ အဲ့တာမျိုး ဆွေးနွေးကြတာရှိပါတယ်။

မအင်ကြင်းနိုင်။    ။ မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲရေးမှာ အားမလို အားမရ ဝေဖန်ပြော ဆိုနေတာတွေ ရှိနေတဲ့အချိန်မှာ အမေရိကန်ဘက် ကနေပြီးတော့ အကူအညီတွေ ဆက်ပေးသွားမယ်ဆိုတဲ့အပိုင်းကျတော့ သူတို့ ဘယ်လိုပေးသွားမလဲရှင့်။

ကိုဇော်ဝင်းလှိုင်။    ။ ဆွေးနွေးပွဲဟာ စီးပွားရေးကို ဦးစားပေးပြီး လုပ်တဲ့ ဆွေးနွေးပွဲ ဖြစ်တာမှန်ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေ၊ မြန်မာအစိုးရ ကိုယ်စားလှယ်တွေရော တက်တာမှန်တယ်။ ဒါပေမဲ့ အစိုးရကိုယ်စားလှယ်ချင်း ဆွေးနွေးတဲ့ပုံစံ မဟုတ်တဲ့အတွက် သူတို့ဆီမှာ ပေါ်လစီလိုမျိုး ဘာလုပ်မယ် ဘာလုပ်မယ်ဆိုတာမျိုး အတိအကျ ချပြသွားတာမျိုး မရှိဘူး။ ဒါပေမဲ့ စောစောက ကျနော်ပြောသွားသလို ကြိုးနီစနစ်တွေရှိနေတယ်ဆိုတဲ့နေရာမှာ ကွန်ပျူတာ ဆော့ဝဲလ်တွေ အသုံးပြုပြီး လုပ်ရင် ပိုပြီးတော့ မြန်ဆန်မလား။ လျှောက်လွှာလျှောက် တဲ့နေရာမှာ။ ဖောင်ဖြည့် တဲ့နေရာမှာ။ အဲ့တာတွေကို အမေရိကန်အစိုးရက ကူညီဖို့အတွက် စဉ်းစားနေတာတွေရှိတယ်။ အပြန်အလှန် ပညာရေးကဏ္ဍတွေမှာ အထောက်အကူပြုဖို့ လုပ်ကြတာတွေရှိတယ်။ Excange အစီအစဉ်တွေ ကျောင်းသားအပြန်အလှန်ပို့တာတွေ အပြန်အလှန် ဖလှယ်တာတွေ အဲ့လို အစီအစဉ်တွေ လုပ်ကြမယ်ဆိုတာတွေ မျိုးတွေ လုပ်ကြမယ်ဆိုတာမျိုးတွေ ပြောကြတာတွေ ရှိပါတယ်။

ဒါကတော့ အင်ဒီယားနားပြည်နယ် အင်ဒီယားနား ပူးလီစ်မြို့မှာကျင်းပတဲ့ အမေရိကန်-မြန်မာဆက်ဆံရေးညီလာခံကို ကိုယ်တိုင် တက်ရောက်သတင်းယူနေတဲ့ ဗွီအိုအေဝိုင်းတော်သားကိုဇော်ဝင်းလှိုင်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

ညီလာခံအဖွင့်မိန့်ခွန်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကနေတဆင့်ပြောကြားခဲ့ပါတယ်။ နယူးရောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ် မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်လည်း တက်ရောက်ပြီး ညီလာခံ အဖွင့်မိန့် ခွန်းပြောကြား ခဲ့ပါတယ်။ ဒါအပြင် အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးဌာနက တာဝန်ရှိသူတွေ၊ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID က တာဝန်ရှိသူတွေ နဲ့အတူ မြန်မာပညာရှင်တွေ၊ အမေရိကန်ပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
မြန်မာစီးပွါးရေး အလားအလာ ကြိုးနီစနစ်နှောင့်ယှက်  မြန်မာစီးပွါးရေး အလားအလာ ကြိုးနီစနစ်နှောင့်ယှက် Reviewed by သစ်ထူးလွင် on 11:20 Rating: 5
Powered by Blogger.