ဗျောက်အိုးစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ


နယူးဒေလီ ၊ ၈-၅-၂၀၁၅

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ၊ အနောက်ဘန်ဂေါ ပြည်နယ်၌ ယမန်နေ့တွင် ဗျောက်အိုးစက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း Press TV သတင်းဌာန က ဖော်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် အနောက်မင်နာပူ ခရိုင် ပင်ဂလာမြို့ တွင် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။ ထို့ပြင်ဒဏ်ရာရရှိသူ များအနက် အချို့မှာ စိုးရိမ်ရသည့် အခြေအနေ တွင်ရှိ နေသောကြောင့် သေဆုံးသူ ဦးရေ မြင့်တက် လာဖွယ် ရှိသည်ဟု ရဲတပ်ဖွဲ့မှ အရာရှိ ဘာရာတီဂေါ့ရှ် ၏ ပြောကြားချက် အရ သိရသည်။

သို့သော် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ ရသော လူဦးရေမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမို များပြားကြောင်း ဒေသခံ များက ပြောကြား ခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် စက်ရုံသည် ဗျောက်အိုးများကို ဟန်ပြ ထုတ်လုပ်ပြီး ဗုံးများကို လျှို့ဝှက် ထုတ်လုပ်လျက် ရှိကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တွင် ၄င်း စက်ရုံပိုင်ရှင်မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက် အရ သိရသည်။

ပေါက်ကွဲမှုသည် ပြင်းထန် သောကြောင့် စက်ရုံအနီးရှိ လူနေအိမ် များမှာ လှုပ်ရမ်း သွားခဲ့ပြီး အချို့ နေအိမ်များ အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ ရကြောင်း ဒေသခံ တစ်ဦးက ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့ က စက်ရုံပိုင်ရှင်ကို လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဗျောက်အိုးစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ  ဗျောက်အိုးစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 11:57 Rating: 5
Powered by Blogger.