မင်းအုပ်စိုးအမှုနှင့် ပတ်သက်၍ လူတစ်ဦး သေဆုံးနိုင်သည့် ဒဏ်ရာများစွာ တွေ့ရှိကြောင်း မှုခင်းဆရာဝန်ထွက်ဆို

ရန်ကုန် မေ ၎

သရုပ်ဆောင်မင်းအုပ်စိုး၏ အမှုနှင့် ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၌ ဆက်လက်စစ်ဆေး မေးမြန်းမှုကို ပြုလုပ်ခဲ့ရာ တရားလို ပြသက်သေတစ်ဦးဖြစ်သူ မှုခင်းဆရာဝန်က သေဆုံးသွားသော အလောင်းတွင် လူတစ်ဦး သေဆုံးနိုင်သည့် ဒဏ်ရာများစွာ တွေ့ရှိရကြောင်း တရားခွင်တွင်ထွက်ဆိုခဲ့သည်။

မတေးနုယဉ် 
ရုံးချိန်းစစ်ဆေးမေးမြန်းမှုတွင် မှုခင်းဆရာဝန်၏ ထွက်ဆိုချက်များမှာ သေဆုံးသူ မတေးနုယဉ်၏ ခန္ဓာကိုယ်အတွင်း၌ နံရိုးများစွာ ကျိုးနေခြင်း၊ ရင်ခေါင်းအတွင်း သွေးများ စွာရောက်ရှိနေခြင်း၊ အသည်းစုတ်ပြတ်နေခြင်း၊ ဝမ်းခေါင်းအတွင်း သွေးများစွာရှိနေခြင်း စသည့်ဒဏ်ရာများစွာ တွေ့ရှိရပြီး ၄င်းဒဏ်ရာများမှာ လူတစ်ဦးအား အသက်ဆုံးရှုံး စေနိုင်သောဒဏ်ရာများ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

သေဆုံးသူ၏နံရိုးများမှာ ယာဘက်တွင် အမှတ်(၂)မှအမှတ်(၁၂) အထိကျိုးနေပြီး ဝဲဘက် နံရိုးများမှာ အမှတ်(၃)မှ(၁၂)အထိကျိုးနေသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း မှုခင်းဆရာဝန်က ထပ်မံထွက်ဆိုခဲ့သည်။
အဆိုပါအမှုအား မေ ၆ရက် တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးမည်ဖြစ်ပြီးလာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးအား ထပ်မံစစ်ဆေး မည်ဖြစ်၍ ယနေ့ရုံးထုတ်စစ်ဆေးမှုတွင် မှုခင်းဆရာ ဝန်တစ်ဦးတည်းကိုသာ စစ်ဆေး မေးမြန်း မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

၂ဝ၁၄ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ သရပါ မဂ္ဂဇင်းမှ တာဝန်ခံအယ်ဒီတာမတေးနုယဉ် သေဆုံးမှုနှင့်ပတ်သက်၍ ယင်းမဂ္ဂဇင်းထုတ်ဝေသူ သရုပ်ဆောင်မင်းအုပ်စိုးအား ဗဟန်းမြို့နယ်မြို့မရဲစခန်းက ပုဒ်မ၃ဝ၂ဖြင့် အမှုဖွင့်အရေးယူ ခဲ့ခြင်းဖြစ်သည်။

မျိုးမင်းပိုင်
The Union Daily
http://uniondaily.net
မင်းအုပ်စိုးအမှုနှင့် ပတ်သက်၍ လူတစ်ဦး သေဆုံးနိုင်သည့် ဒဏ်ရာများစွာ တွေ့ရှိကြောင်း မှုခင်းဆရာဝန်ထွက်ဆို  မင်းအုပ်စိုးအမှုနှင့် ပတ်သက်၍ လူတစ်ဦး သေဆုံးနိုင်သည့် ဒဏ်ရာများစွာ တွေ့ရှိကြောင်း မှုခင်းဆရာဝန်ထွက်ဆို Reviewed by သစ်ထူးလွင် on 19:42 Rating: 5
Powered by Blogger.