ရှမ်းပြည်နယ်တွင်း တပ်သားသစ်စုဆောင်း မှုကြောင့် ရွာသားများ ထွက်ပြေး


ရှမ်းပြည်တောင်ပိုင်း နမ့်စမ်မြို့နယ်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက အတင်းအကျပ် တပ်သားသစ် စုဆောင်းနေတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်စမ်မြို့အရှေ့ဘက် မိုင် ၂၀ ကျော်က ပိန်းစိုင်ကျေးရွာအုပ်စုထဲမှာ အဓမ္မ တပ်သားသစ် စုဆောင်းနေတဲ့အတွက် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ နမ့်စမ်မြို့နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးခွန်တမောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကြားတာတော့ အာရ်စီအက်စ်အက်စ်၊ ရှမ်းပြည်တပ်မတော်အဖွဲ့ကပေါ့နော်၊ ခေါင်းဆောင်က ဦးနန္ဒောလို့ ခေါ်တယ်တဲ့။ ၀တ်စုံက ပြောက်ကျား၊ ပခုံးမှာ ကျးခေါင်းတံဆိပ်၊ တချို့က တံဆိပ်မပါဘူး။ သူတို့က လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ရွာက အိမ်ထောင်စုစာရင်းတွေ ကောက်သွားတယ်။ မေ ၁၇ ရက်နေ့မှာတော့ ရွာသူကြီးတွေအားလုံးကို ခေါ်ပြီး အိမ်ထောင်စုစာရင်းထဲက တပ်သားလုပ်ရမယ့် လူစာရင်းကို ပြတယ်။ ဒီလူတွေကို မေ ၂၂ နေ့ နောက်ဆုံးထားပြီး လာပို့ပေးရမယ်။ ထွက်ပြေးရင် အိမ်မှာကျန်တဲ့လူကို ဖမ်းထားမယ်လို့ ပြောတယ်တဲ့။ အဲဒါကြောင့် အကုန်လုံး ထွက်ပြေးလာတာ။”

သူတို့ စာပေယဉ်ကျေးမှုဆီ ရောက်လာတဲ့ စာရင်းအရ တပ်သားသစ်ပို့ပေးဖို့ အကြောင်းကြားခံ ထားရတဲ့ ရွာပေါင်း ၆ ရွာရှိပြီး လက်ရှိ နမ့်စမ်မြို့ အောင်ဇမ္ဗူ ပရိယတ္တိစာသင်တိုက်မှာ ၁၀၀ နီးပါးရောက်နေပြီး အများစုက ဟိုပုန်းမြို့နယ် ထမ်ဇန့်ဂူ ဘုရားနားက ကိုရင်လေးကျောင်းတိုက်နဲ့ တချို့က ဆွေမျိုးတွေရှိတဲ့ မြို့ရွာတွေကို တိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေ ၂၈ ရက်က နမ့်စမ်လေတပ်က အစိုးရတပ်ဖွဲ့ဝင် ၁၀ ကျော်၊ ပအိုဝ်းဌာနေပြည်သူ့စစ် (ပီအန်အေ) က အဖွဲ့ဝင် ၆ ဦး ဘုန်းကြီးကျောင်းကို ရောက်လာပြီး တိမ်းရှောင်ရွာသားတွေအတွက် ငွေနဲ့ စားနပ်ရိက္ခာတွေ ကူညီသွားတဲ့အပြင် နယ်မြေရှင်းလင်းရေး လုပ်ပေးမယ်လို့ ပြောခဲ့ကြောင်း သူက ပြောပါတယ်။

တပ်သားစုဆောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက “ကျနော်တို့ဆီမှာ အဲဒီလို ပြည်သူတွေကို ဒုက္ခပေးဖို့ ပေါ်လစီမရှိဘူး။ သူတို့ပြောတဲ့ ၀တ်စုံပေါ်မှာလည်း သံသယရှိတယ်။ သူတို့ပြောတဲ့ တပ်ဖွဲ့အင်္ကျီပေါ်က ကျားဖြူတံဆိပ်ဆိုတာ ကျနော်တို့မှာမရှိဘူး။ အဲဒါ ဘယ်အဖွဲ့ကလဲဆိုတာ စိစစ်နေပါတယ်။ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးပြီးနောက် ဆက်ဆံရေးရုံးတွေ ဖွင့်ထားတယ်။ ဒေသတွင်း ကိုယ်စားလှယ်တွေလည်းရှိတယ်၊ တိုင်တန်းလို့ ရတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေလည်း တိုင်လို့ရတယ်။ ကျနော်တို့ အဖွဲ့အစည်းထဲကို ဆန္ဒမရှိဘဲ အတင်းမ၀င်ခိုင်းပါဘူး။ ၀င်လိုတဲ့သူတွေ ၀င်နိုင်အောင် ရွာသူကြီးတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော အဲဒီဒေသမှာ သူတို့အဖွဲ့အစည်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေးအတွက် ဘိန်းခင်းဝင်ဖျက်တာ၊ ဘိန်းစွဲသူတွေ လိုက်ဖမ်းတာတွေလည်း ရှိတဲ့အတွက် အဲဒီကိစ္စပေါ် နားလည်မှုလွဲမှားပြီး ရွာသားတွေ ထွက်ပြေးတာ ဖြစ်နိုင်တယ်လို့လည်း ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ရှမ်းပြည်နယ်တွင်း တပ်သားသစ်စုဆောင်း မှုကြောင့် ရွာသားများ ထွက်ပြေး  ရှမ်းပြည်နယ်တွင်း တပ်သားသစ်စုဆောင်း မှုကြောင့် ရွာသားများ ထွက်ပြေး Reviewed by သစ်ထူးလွင် on 11:21 Rating: 5
Powered by Blogger.