လွှတ်တော်အစည်းအဝေးများ ပြန်စတင်၊ မျိုးစောင့်ဥပဒေ အစီရင်ခံစာများ တင်သွင်း


တလကြာရပ်နားထားသည့် လွှတ်တော် အစည်းအဝေးများ ဒီနေ့ပြန်လည် စတင်ရာမှာ အမျိုးသား လွှတ်တော်မှာတော့ ထောင်ဒဏ် ၂ နှစ်အပြင် ဒဏ်ငွေ ၁၅ သိန်းချမှတ်နိုင်တဲ့ မျိုးစောင့်ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းပါတယ်။

မေလ ၁၁ ရက်နေ့ အမျိုးသား လွှတ်တော်မှာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးနိုင်ဖို့ အစီရင်ခံစာ ဖတ်ကြားခဲ့တာပါ။

အစီရင်ခံစာအရ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားဟာ ပုဒ်မ ၁၉ ပုဒ်မခွဲ(စ၊ဆ၊ဇ)ပါ ပြဌာန်းချက်တခုခုကို ကျုးလွန်ရင် ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ကျပ် ၁၅ သိန်းထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်ရမယ်လို့ ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၁၉ အရ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးရဲ့ သက်ဝင်ယုံကြည်တဲ့ ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုဖို့၊ ရရှိလာတဲ့ သားသမီးတွေကို ယုံကြည်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့် ပြုဖို့၊ ဘုရားရုပ်ပွားတော်တွေ၊ ပုံတော်တွေ ထားရှိကိုးကွယ်ခွင့်ပြုဖို့ စတဲ့အချက် ၇ ချက်ပါဝင်ပါတယ်။

ဒါ့အပြင် မေလ ၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာလည်း နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက် နဲ့ ပြန်လည်ပေးပို့လာတဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာ ဖတ်ကြားခဲ့ပါတယ်။

ဥပဒေကြမ်းပါ အရေးအသားနဲ့ အသုံးအနှုန်းတွေဟာ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအသစ်ပါ အသုံးအနှုန်းတွေနဲ့ ကိုက်ညီမှုရှိစေဖို့ ပြင်ဆင် သင့်တယ်လို့ အကြံပြုထားတာဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေတွေထဲက တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း အကြံပြုချက် ပေးပို့ထားတဲ့ ပြင်ပအဖွဲ့အစည်းတွေနဲ့ အကြံပြုလိုတဲ့ ပြည်သူတွေရဲ့ သဘောထားကိုရယူဖို့ ဖိတ်ခေါ်ဆွေးနွေးသွားမယ်လို့ ဥပဒေကြမ်းကော်မတီက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာပြောထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာတော့ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြု ပေးပို့ထားတဲ့  ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” နဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက  အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
လွှတ်တော်အစည်းအဝေးများ ပြန်စတင်၊ မျိုးစောင့်ဥပဒေ အစီရင်ခံစာများ တင်သွင်း  လွှတ်တော်အစည်းအဝေးများ ပြန်စတင်၊ မျိုးစောင့်ဥပဒေ အစီရင်ခံစာများ တင်သွင်း Reviewed by သစ်ထူးလွင် on 18:44 Rating: 5
Powered by Blogger.