ထိုင်းနည်းတူ မလေးမှာလည်း လူကုန်ကူးမှုရှိနိုင်လို့ဆို

လူကုန်ကူးခံရသူ အယောက် ၃၀ ကျော်ရဲ့ အလောင်းကို ထိုင်းရဲတွေ တူးဖော် (Credit: AFP) 
 ထိုင်းနိုင်ငံနည်းတူ ​မလေးရှားနိုင်ငံမှာလည်း ​ရွှေ့ပြောင်းနေထိုင်သူတွေ ​ပျောက်ဆုံးမှု ​ရှိတဲ့အတွက် ​ထိုင်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​လူကုန်ကူးမှုမျိုး ​မလေးရှားနိုင်ငံမှာ ​ရှိနိုင်တယ်လို့ ​အဖွဲ့တဖွဲ့က ​ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ​မြန်မာနိုင်ငံလို ​ဆင်းရဲတဲ့ ​နိုင်ငံက ​ရွေ့ပြောင်းလာသူတွေ ​ပျောက်ဆုံးသွားတာမျိုး ​ဖြစ်ပေါ်လေ့ရှိပါတယ်။

မကြာသေးခင်တုန်းကပဲ ​လူကုန်ကူးသူတွေကို ​ထိန်းသိမ်းထားတဲ့ ​တရားမဝင် ​စခန်းတွေကို ​တွေ့ခဲ့ရသလို ​ဘင်္ဂလားဒေ့ရှ်နဲ့ ​မြန်မာနိုင်ငံက ​ရိုဟင်ဂျာတွေရဲ့ ​လောင်းတွေလို့ ​ယူဆရတဲ့ ​လူသေအလောင်းတွေကိုလည်း ​တွေ့ရှိခဲ့ပါတယ်။

အဲဒီလူကုန်ကူးမှုတွေမှာ ​ထိုင်းအစိုးရ ​ဝန်ထမ်းတွေလည်း ​ပါဝင်မှုရှိတဲ့အတွက် ​တချို့ကို ​ဖမ်းဆီး ​အရေးယူထားပြီ ​ဖြစ်ပါတယ်။

အဲဒီလို ​အဖြစ်မျိုး ​အိမ်နီးချင်း ​မလေးရှားနိုင်ငံမှာလည်း ​ရှိနိုင်တယ်လို့ ​Tenaganita ​ဆိုတဲ့ ​NGO  ​အဖွဲ့က ​ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ​ရှိနေတဲ့ ​ဒုက္ခသည်တွေနဲ့ ​ရွှေ့ပြောင်းအလုပ်သမားတွေက ​သူတို့ရဲ့ ​ဆွေမျိုးတွေ ​ပျောက်သွားတယ်လို့ ​တိုင်ကြားလာတာတွေ ​ရှိတဲ့အတွက် ​မလေးရှားမှာလည်း ​အလားတူ ​ပြဿနာ ​ဖြစ်နိုင်တယ်လို့ ​ပြောပါတယ်။

မလေးရှားမှာလည်း ​လူကုန်ကူးမှု ​ရှိတယ်ဆိုတာကို ​အတိအကျ ​သိလို့ ​စွပ်စွဲတာမဟုတ်ဘူးလို့လည်း ​Tenaganita ​အဖွဲ့က ​ဝန်ခံထားပါတယ်။

ဒါပေမဲ့ ​လူကုန်ကူးမှု ​ရှိတယ်ဆိုတဲ့ ​သတင်းတွေကို ​ယုံကြည်ပြီး ​အစိုးရအနေနဲ့ ​စုံစမ်းမှု ​လုပ်သင့်တယ်လို့ ​ပြောဆိုထားပါတယ်။

ထိုင်းရဲ ​အယောက် ​၅၀ ​လောက် ​ကူကုန်ကူးမှုနဲ့ ​အရေးယူခံရ

လူကုန်ကူးမှု ​ကျူးလွန်သူလို့ ​ယူဆရတဲ့ ​ထိုင်းရဲ ​အယောက် ​၅၀ ​ကို ​ထိုင်းရဲတွေက ​အပြစ်ပေးထားပါတယ်။

မလေးရှားနယ်စပ်က ​ထိုင်းနိုင်ငံ ​တောထဲမှာ ​လူကုန်ကူးမှု ​စခန်းတွေ ​တွေ့ခဲ့သလို ​လူသေအလောင်းတွေ ​တွေ့ခဲ့ပြီးနောက် ​စုံစမ်းဖို့ ​အစိုးရက ​ညွန်ကြားရာက ​အခုလို ​တရားမဝင် ​လုပ်ငန်းမှာ ​ပါဝင်သူလို့ ​ယူဆရတဲ့ ​ထိုင်းရဲတွေကို ​အရေးယူ ​လိုက်တာ ​ဖြစ်ပါတယ်။

မနေ့တုန်းကပဲ ​လူကုန်ကူးခံရသူတွေကို ​ထားတဲ့ ​စခန်း ​နောက်တစ်ခုကို ​ထိုင်းစစ်တပ်က ​ထပ်မံ ​တွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​ရက်ပိုင်းတုန်းကလည်း ​စခန်း ​၂ ​ခုကို ​တွေ့ပြီး ​လူသေအလောင်း ​၃၀ ​ကျော်ကိုလည်း ​တူးဖော်နိုင်ခဲ့ပါတယ်။

လူကုန်ကူးမှုမှာ ​ထိုင်းအစိုးရ ​ဝန်ထမ်းတွေ ​ပါဝင်တယ်ဆိုတဲ့ ​စွပ်စွဲချက်ကြောင့် ​ဒီကိစ္စကို ​အရေးတယူ ​အစိုးရက ​ကိုင်တွယ်နေတာ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂကလည်း ​ဒေသတွင်းက ​နိုင်ငံတွေကလည်း ​ဒီပြဿနာကို ​ထိုင်းနဲ့အတူ ​ကူညီဖြေရှင်းကြဖို့ ​တောင်းဆိုထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ​Prayuth ​Chan-ocha ​က ​အမှန်မှာတော့ ​ဒီပြဿနာဟာ ​တခြားနိုင်ငံကနေ ​ရောက်ရှိလာတဲ့ ​ပြဿနာဖြစ်ပြီး ​ထိုင်းနိုင်ငံရဲ့ ​ပြဿနာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။

လူကုန်ကူးသူတွေက ​ထိုင်းနိုင်ငံကို ​တထောက်နားတဲ့ ​နေရာအဖြစ်သာ ​အသုံးပြုတာ ​ဖြစ်ပြီး ​တကယ့်အရင်းအမြစ်ကို ​ရှာဖွေ ​ဖြေရှင်းရမှာလို့ ​ပြောလိုငက်ပါတယ်။

မြန်မာနိုင်ငံက ​လူပေါင်း ​သောင်းနဲ့ချီဟာ ​နှစ်စဉ် ​ထိုင်းနိုင်ငံကို ​သွားပြီး ​အလုပ်လုပ်ကြသလို ​တချို့ကလည်း ​ထိုင်းနိုင်ငံကို ​ဖြတ်ပြီး ​မလေးရှားနိုင်ငံကို ​ဝင်ရောက်နေကြတာ ​ဖြစ်ပါတယ်။

တရားမဝင် ​ဝင်ရောက်ရတဲ့အတွက် ​ခရီးစဉ် ​ချောမောအောင် ​လူကုန်ကူးသူတွေနဲ့ ​ထိုင်းအာဏာပိုင်တွေကို ​လဒ်ပေးရတာမျိုးလည်း ​လုပ်ရလေ့ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ထိုင်းနည်းတူ မလေးမှာလည်း လူကုန်ကူးမှုရှိနိုင်လို့ဆို  ထိုင်းနည်းတူ မလေးမှာလည်း လူကုန်ကူးမှုရှိနိုင်လို့ဆို Reviewed by သစ်ထူးလွင် on 11:10 Rating: 5
Powered by Blogger.