ရုရှားဂြိုဟ်တု ကမ္ဘာမြေပေါ်ပြန်မကျမီ မီးလောင်ပျက်စီး


 နိုင်ငံတကာ အာကာသစခန်းကို ရိက္ခာတင်ပို့လိုက်တဲ့ ဂြိုဟ်တုဟာ အာကာသစခန်းနဲ့ မချိတ်ဆက်မိပဲ ကမ္ဘာမြေပေါ် ပြန်ကျလာစဉ် လမ်းမှာတင် မီးလောင် ပျက်စီးသွားပြီလို့ ရုရှားအာကာသအေဂျင်စီက ဒီကနေ့ မေလ ၈ ရက်နေ့မှာ ပြောဆိုပါတယ်။

Progress လို့ အမည်ရတဲ့ ဂြိုဟ်တုရဲ့အပိုင်းအဆတွေပဲ ပစိဖိတ်သမုဒ္ဒအလယ်ပိုင်းကို ပြန်ကျလာလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့လည်း ရုရှားအာကာသအေဂျင်စီက ဆိုပါတယ်။

ဒီရိက္ခာသယ်ဂြိုဟ်တုကို ထောက်ပံ့ရေးပစ္စည်း ၃ တန်ကျော်နဲ့ ဧပြီလ ၂၈ ရက်နေ့က ကာဇတ်စတန်နိုင်ငံ ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ တင်လွှတ်လိုက်တာပါ။ ဂြိုဟ်တု ပတ်လမ်းထဲ ရောက်ရှိခဲ့ပြီး ခဏအကြာမှ အဆက်အသွယ်ပြတ်သွားပြီး ရေဒါ အချက်အလက်တွေအရ ကမ္ဘာလေထုထဲ ပြန်ကျလာတာကို တွေ့မြင်ခဲ့ရတာပါ။

ကမ္ဘာမြေပြင်အထက် မိုင် ၂၅၀ အကွာမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်းကို ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေ ရောက်မသွားပေမယ့် အဲ့ဒီမှာရှိတဲ့ အာကာသယာဉ်မှူး ၆ ဦးကတော့ ၄ လစာရိက္ခာအလုံလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီဂြိုဟ်တုဟာ တာဝန်ပြီးဆုံးရင် လေထုထဲ မီးလောင်ပျက်စီးအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဘာကြောင့် အစီအစဉ်အတိုင်း မဖြစ်ခဲ့လဲဆိုတာကိုစုံစမ်းဖို့ ရုရှားအာကာသအေဂျင်စီက အထူးစုံစမ်းရေးကော်မရှင်ဖွဲ့ထားပါတယ်။ ဒီဂြိုဟ်တုကြောင့် အမေရိကန်ဒေါ်လာ ၅၀.၇ သန်း ဆုံးရှုံးတယ်လို့ ရုရှားအာကာသအေဂျင်စီပြောခွင့်ရက ထုတ်ဖော် ပြောဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ရုရှားဂြိုဟ်တု ကမ္ဘာမြေပေါ်ပြန်မကျမီ မီးလောင်ပျက်စီး  ရုရှားဂြိုဟ်တု ကမ္ဘာမြေပေါ်ပြန်မကျမီ မီးလောင်ပျက်စီး Reviewed by သစ်ထူးလွင် on 18:36 Rating: 5
Powered by Blogger.