မြန်မာနိုင်ငံမှာ ပထမဆုံးမီးရှို့ဆန္ဒပြ သူတောင်သူ ဦးမြင့်အောင်ကိစ္စဟာ တုန်လှုပ်စရာ ဖြစ်လို့ ဦးတင်ဦးပြော


ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်သူ ဦးမြင့်အောင် ကို မေလ ၂၁ ရက်နေ့က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ မှာတွေ့ရစဉ် Photo: Khun Zaryar/RFA
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေပူကျေးရွာမှာ အစိုးရ တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းထား တဲ့လယ်ယာမြေတွေ ပြန်ပေးဖို့၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ပြီး ဆန္ဒပြတောင်းဆိုခဲ့တဲ့ တောင်သူ ဦးမြင့်အောင်ဟာ မနေ့က နေ့လည် ၁ နာရီခွဲလောက်မှာ စ၀်စံထွန်းဆေး ရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

မီးလောင်ဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် အသက်ဆုံး ရှုံးသွားတာလို့ ဦးမြင့်အောင်ရဲ့ တူမ မမော်မော်အောင် ကပြောပါတယ်။

"ကျမတို့ဦးလေးက ဒီနေ့ ၁ နာရီခွဲမှာ ဆုံးသွား တယ်ပေါ့နော်၊ ဒီမီးလောင်လောင်မှုနဲ့ ဒဏ်ရာက တအားပြင်းတယ်လေ၊ မီးလောင်ဒဏ်ရာက တအားပြင်းပြီးတော့ သေဆုံးသွားတယ်ပေါ့၊ မဖြစ်သင့် မဖြစ်ထိုက်တာတွေနဲ့ ဒီလိုမျိုးဖြစ်သွားရတဲ့အခါကျတော့ အစ်မ တအားဝမ်းနည်းတယ်ပေါ့နော်၊ သူက ဒီတောင်သူလယ်သမားတွေခံစားနေရ တာတွေကို သူလုပ်သွားပေးတဲ့အခါကျတော့ အစ်မတို့က ခံစားနေရတာ ကိုတော့ နည်းနည်းဖြေသိမ့်တာပေါ့နော်"

အခုလို ကိုယ့်ကိုယ်ကိုမီးရှို့ဆန္ဒပြတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ရပ်ဖြစ်ပြီး၊ တုန်လှုပ်ခြောက်ခြား စရာကောင်းသလို၊ တောင်သူလယ်သမားတွေမှာ အားကိုး ရာမရှိတော့သလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦး က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ မိမိကိုယ်မိမိသတ်ပြီးတော့ ဆန္ဒပြတယ်ဆိုတာကတော့ တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းတဲ့ ပထမဆုံးဖြစ်ရပ်ပဲလို့ ကျနော်ကတော့ ပြောချင်ပါတယ်ဗျာ၊ ကျနော်တို့က တရားကလည်းရှိတာကိုး၊ ကိုယ့်ကို ကိုယ်သတ်သေရင် အဖန် ၅၀၀၊ ၅ ကမ္ဘာခံရတယ် ဆိုတာလည်းရှိတော့ သိပ်အယူသီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွား တယ်ဆိုတော့ တော်တော်ကို မကျေနပ်ချက်တွေ၊ ဖိစီးတဲ့ဒဏ်က သိပ်ခံရတော့ အားကိုးရာမရှိတော့ ဒီလိုနေတာ ထက် သေတာဘဲကောင်း တယ်ဆိုပြီးတော့ လုပ်လိုက်တဲ့ သဘောလိုဖြစ်တာပေါ့ဗျာ"

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ တောင်သူ ဦးမြင့်အောင်ရဲ့ ရုပ်အလောင်းကို ရေပူရွာမှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်ထဲက ကွန်လုံကျေးရွာအုပ်စုမှာပါဝင်တဲ့ ကျောက်နီ၊ ရေပူ၊ သရက်ပင်လှ၊ ဘုရားနီနဲ့ နောင်ကား ရွာတွေက လယ်ယာမြေ ဧက ၅၀၀၀ ကျော်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ၁၉၉၄ ခုနှစ် မှာ သိမ်းခဲ့တာဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြန်မာနိုင်ငံမှာ ပထမဆုံးမီးရှို့ဆန္ဒပြ သူတောင်သူ ဦးမြင့်အောင်ကိစ္စဟာ တုန်လှုပ်စရာ ဖြစ်လို့ ဦးတင်ဦးပြော  မြန်မာနိုင်ငံမှာ ပထမဆုံးမီးရှို့ဆန္ဒပြ သူတောင်သူ ဦးမြင့်အောင်ကိစ္စဟာ တုန်လှုပ်စရာ ဖြစ်လို့ ဦးတင်ဦးပြော Reviewed by သစ်ထူးလွင် on 13:08 Rating: 5
Powered by Blogger.