အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ Barrenကျွန်းမှ မီးတောင်တစ်ခု ပေါက်ကွဲလာနိုင်ခြေရှိ ပေါက်ကွဲပါက မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဆူနာမီလှိုင်း ရိုက်ခတ်နိုင်၍ စောင့်ကြည့်


ကော့သောင်း မေ ၈

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Barren ကျွန်းမှ ပေါ်ရိုမီးတောင်တစ်ခုသည် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အတွင်း မီးခိုးပြာများထွက်ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါ မီးတောင်သည် Andaman ကျွန်းစုအတွင်း တည်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏အနောက် ယွန်းယွန်း မိုင် ၃၂ဝ ခန့်၊ မြိတ်မြို့၏ အနောက်ဘက် မိုင် ၃၁ဝ ခန့်၊ ကော့သောင်းမြို့၏အနောက်မြောက် ဘက် မိုင် ၃၆ဝ ခန့်သာ ကွာဝေးကြောင်းသိရသည်။

ထိုင်းနိုင်ငံအနောက်ပိုင်း ရနောင်းခရိုင်နှင့် ကီလိုမီတာ ၇ဝဝ ခန့်သာ ဝေးကွာလျက်ရှိရာ ယင်းမီးတောင်ပေါက်ကွဲပါက ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ငလျင် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့ကလည်း ယင်းသတင်းမှန်ကန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အဆိုပါ မီးတောင်ပေါက် ကွဲမှုဖြစ်ပွားခဲ့ပါက ဆူနာမီ လှိုင်းများ ဖြစ်ပေါ်လာခဲ့လျှင် ထိုင်းနိုင်ငံ အနောက်ပိုင်း ကမ်းခြေဒေသများနှင့် မြန်မာနိုင်ငံ အပေါ်ထိခိုက်လာနိုင်သဖြင့် စောင့်ကြည့်လေ့လာ မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ Volcano Discovery အဖွဲ့၏ သုတေသနပြု ဖော်ထုတ်ချက် အရ ပေါ်ရိုမီးတောင်သည် ၂ဝဝ၅-၂ဝဝ၆ ခုနှစ် အတွင်းက ပေါက် ကွဲမှုဖြစ်ပွား ခဲ့သဖြင့် ၂ဝ၁၅ ခုနှစ် မေ ၂၇ ရက်တွင် နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲလာနိုင်သည် ဟု ထုတ်ပြန်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာများ မှတစ်ဆင့် သိရသည်။

ပြီးခဲ့သည့် မေ ၇ ရက်က ပါပူဝါနယူးဂီနီနိုင်ငံ ပန်ဂန်နာ မြို့ အနောက်တောင်ဘက် ၁၄၉ ကီလိုမီတာခန့်အကွာနှင့် ဆော်လမွန်ကျွန်းစုမြို့တော် ဟိုနီရာယာမှ ၆၄၂ ကီလိုမီတာ အကွာ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ မြေအောက် ၁၃ မိုင်အနက်ကို ဗဟိုပြု၍ ပြင်း အား ၇ ဒသမ ၂ ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ကမ်းရိုး တန်းတစ်လျှောက် ဆူနာမီရေ လှိုင်းများ တက်လာဖွယ်ရှိ သည်ဟု ပြောကြားခဲ့သော်လည်း ထိခိုက်မှုမရှိချေ။

ဧပြီ ၂၃ ရက်ကလည်း ချီလီနိုင်ငံတောင်ပိုင်းရှိ ကယ်လ်ဘူလိုမီးတောင်နှစ်ကြိမ်ပေါက်ကွဲခဲ့ရာ ကြိုတင်ကာကွယ်ထားနိုင်သဖြင့် ဘေးအန္တရာယ် မရှိဘဲ ဆူနာမီနှင့် မြေပြိုမြေပိမှုဒဏ်မခံခဲ့ရကြောင်း သိရသည်။ ပင်လယ်ပြင်တွင် မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်းများရှိပါက ဆူနာမီဖြစ်ပေါ်တတ်ကြောင်း ဘူမိဗေဒပညာရှင်များကခန့်မှန်းထားကြသည်။

ကျော်စိုး (ကော့သောင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ Barrenကျွန်းမှ မီးတောင်တစ်ခု ပေါက်ကွဲလာနိုင်ခြေရှိ ပေါက်ကွဲပါက မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဆူနာမီလှိုင်း ရိုက်ခတ်နိုင်၍ စောင့်ကြည့်  အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ Barrenကျွန်းမှ မီးတောင်တစ်ခု ပေါက်ကွဲလာနိုင်ခြေရှိ ပေါက်ကွဲပါက မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဆူနာမီလှိုင်း ရိုက်ခတ်နိုင်၍ စောင့်ကြည့် Reviewed by သစ်ထူးလွင် on 06:26 Rating: 5
Powered by Blogger.