ရင်ခုန်ဖွယ် မေ ၂ ရက် လက်ဝှေ့ပွဲ


မေ ၂ ရက် နီးလာတာနဲ့ ကမ္ဘာဝယ်သာဝိတ် ချန်ပီယံအဖြစ် ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုနဲ့ အမေရိကန် လက်ဝှေ့သမား ဖလောဒ့် မေ၀ယ်သာတို့ ထိုးသတ်မယ့်ပွဲကို စောင့်ကြည့်ဖို့ ကမ္ဘာတ၀န်းက လက်ဝှေ့ ၀ါသနာရှင်တွေ ရင်ခုန်မျှော်လင့်နေပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက ဒီလက်ဝှေ့ကျော် ၂ ဦး လက်ဝှေ့ ထိုးသတ်ဖို့ အတွက် ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် သဘောတူညီချက်မရခဲ့ဘဲ ၂၀၁၅ ခုနှစ် မေ ၂ ရက်မှာ ထိုးသတ်ဖို့ သဘောတူညီခဲ့တဲ့ အတွက် ညှိနှိုင်းတဲ့ ကာလက အတော်ကို ကြာမြင့်ခဲ့ပါတယ်။

လက်ဝှေ့သမား ၂ ဦးကလည်း လက်ဝှေ့ပွဲကို ထိုးသတ်ဖို့အတွက် အမေရိကန် ပြည်ထောင်စု နဗားဒါးပြည်နယ် လတ်ဗီးဂတ်စ် မြို့တော်ကို ရောက်ရှိပြီး ထောင်ချီ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ လက်ဝှေ့ပွဲကို လတ်ဗီးဂတ်စ် အမ်ဂျီအမ် ဂရင်း ဟော်တယ်နဲ့ ကာစီနိုမှာ ထိုးသတ်မှာ ဖြစ်ပါတယ်။

“ကျနော် စိတ်လှုပ်ရှားနေပါတယ်၊ ဒါပေမယ့် ယုံကြည်မှုက ၁၀၀ ရာခိုင်နှုန်းရှိနေပါတယ်၊ ဒီအချိန်ကတော့ သူ (မေ၀ယ်သာ)က ပထမဆုံးအရှုံးကို တွေ့ကြုံရမယ်လို့ ကျနော်ယုံကြည်တယ်”လို့ ပတ်ကွီရိုက ပြောပါတယ်။

“မဆင်မခြင်ထိုးလို့ ပြိုင်ပွဲအတော်များများကို သူ (ပတ်ကွီရို) နိုင်တယ်၊ ကျနော်နဲ့ အွန် မန်နျူရယ် မားကွဇ်ထိုးတာကို ယှဉ်ကြည့်ပါ၊ ကျနော် မားကွဇ်ကို နိုင်တယ်၊ မားကွဇ်က သူ (ပတ်ကွီရို) ကို အလဲထိုးထားတယ်”လို့ မေ၀ယ်သာက တုံ့ပြန်ပါတယ်။

ဒီပွဲအတွက် ထိုးကြေး ပေါင် သန်း ၁၅၀ကို လက်ဝှေ့သမား ၂ ဦးက ခွဲယူရမှာ ဖြစ်သလို မေ၀ယ်သာက ၆၀ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။ ထိုးကြေးအပြင် တခြား ၀င်ငွေတွေလည်း ရရှိနိုင်တဲ့ အတွက် တဦးကို သန်းရာချီရနိုင်တယ်လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။

အနိုင်ရရှိတဲ့ သူကို ကမ္ဘာ့လက်ဝှေ့ ကောင်စီက ထောင်ချီတဲ့ မြတွေ စီချယ်ထားတဲ့ ဒေါ်လာ ၁ သန်းတန် ခါးပတ်ကို ချီးမြှင့်မှာ ဖြစ်ပါတယ်။

ကြိုးဝိုင်းနဲ့ အနီးဆုံး ထိုင်ခုံကတော့ ဒေါ်လာ ၅၀၀၀ ပေးရမှာ ဖြစ်ပါတယ်။ လူ ၁ သောင်း ၆ ထောင်ကျော်ဆန့်တဲ့ အမ်ဂျီအမ် ဂရင်းမှာတော့ အနိမ့်ဆုံး လတ်မှတ်က ဒေါ်လာ ၁၅၀၀ ကနေ ဒေါ်လာ ၁၀၀၀၀ကြား ရှိနေပါတယ်။

မေ၀ယ်သာရဲ့ပွဲ ၅ ပွဲနဲ့ ပတ်ကွီရိုရဲ့ ပွဲ ၇ ပွဲကို ဒိုင်လူကြီး လုပ်ပေးဖူးတဲ့ ကင်နီဘေးလက်စ်က ဒီပွဲမှာ ဒိုင်လုပ်မှာ ဖြစ်သလို ဒေါ်လာ ၂ သောင်းခွဲ ရရှိမှာ ဖြစ်ပါတယ်။ အမှတ်ပေးဒိုင်တွေကတော့ တဦးကို ဒေါ်လာ ၂ သောင်းစီ ရရှိမှာ ဖြစ်ပါတယ်။

လက်ဝှေ့သမား ၂ ဦးကလည်း ဒီပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပါတယ်။

ဥပမာအားဖြင့် မေ၀ယ်သာဆိုရင် လေ့ကျင့်ခန်းဆင်းရင် ပျမ်းမျှ ထိုင်ထ အကြိမ် ၁ ထောင် ကျော်လုပ်တာ၊ စိန် ရွှေတွေ ထည့်သွင်း ထားတဲ့ ဒေါ်လာ ၂ သောင်းခွဲတန် အံကပ်ကို လက်ဝှေ့ပွဲမှာ အသုံးပြုဖို့ လုပ်ဆောင်တာ စတဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပတ်ကွီရိုကလည်း လေ့ကျင့်ခန်းဆင်းရင် ပျမ်းမျှ ထိုင်ထ အကြိမ် ၂ထောင့် ၅ ရာလောက် လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒီလက်ဝှေ့သမား ၂ ဦးရဲ့ အကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အသက် ၃၈ နှစ် မေ၀ယ်သာက ၄၇ ပွဲကို ရှုံးပွဲမရှိထိုးသတ်ခဲ့သလို ကမ္ဘာအဆင့် ၅ ခု ဖြစ်တဲ့ ဆူပါဖယ်သာဝိတ်၊ လိုက်ဝိတ်၊ လိုက်ဝယ်သာဝိတ်၊ သယ်သာဝိတ်နဲ့ လိုက်မစ်ဒယ်ဝိတ်တန်းတွေမှာ ချန်ပီယံဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ထိုးသတ်ခဲ့တဲ့ ၄၇ ပွဲမှာ ၂၆ ပွဲက အလဲထိုးထားတာ ဖြစ်ပါတယ်။

မေ၀ယ်သာရဲ့ မျိုးရိုး စဉ်ဆက်ဟာလည်း လက်ဝှေ့သမားမျိုးနွယ်က ဆင်းသက်လာတယ်လို့ ပြောရင် မှားမှာ မဟုတ်ပါဘူး။ ဖခင်နဲ့ ဦးလေးတွေဟာလည်း လက်ဝှေ့သမားတွေ ဖြစ်သလို ဦးလေး ရော်ဂျာ ဖလော့ဒ်က လက်ရှိ မေ၀ယ်သာရဲ့ လေ့ကျင့်ရေး နည်းပြဖြစ်နေပါတယ်။

အသက် ၃၆ နှစ် ပတ်ကွီရိုကတော့ ၅၇ ပွဲထိုးသတ်ခဲ့ပြီး ၅ ပွဲရှုံး ၂ ပွဲသရေ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီအထဲမှာ ၃၈ ပွဲက အလဲထိုးထားတာဖြစ်ပါတယ်။ ကမ္ဘာအဆင့် ၈ ခု ဖြစ်တဲ့ ဖလိုင်းဝိတ်၊ ဆူပါဘန်တန်ဝိတ်၊ ဖယ်သာဝိတ်၊ ဆူပါဖယ်သာဝိတ်၊ လိုက်ဝိတ်၊ လိုက်ဝယ်သာဝိတ်၊ ၀ယ်သာဝိတ်၊ လိုက်မစ်ဒယ်ဝိတ်တန်းတွေမှာ ချန်ပီယံဆုရရှိထားပါတယ်။

ဘယ်သန် လက်ဝှေ့သမား ပတ်ကွီရို ငယ်စဉ်က အရမ်းဆင်းရဲတဲ့အတွက် အထက်တန်းမှာ ကျောင်းထွက်ခဲ့ရသလို အသက် ၁၄ နှစ်မှာ ကလေး ၆ ယောက်ရှိတဲ့ အမေက လုံလောက်အောင် ၀င်ငွေမရှာနိုင်တဲ့ အတွက် အိမ်ကနေထွက်ပြီး အလုပ်ရှာခဲ့ရပါတယ်။ ဒီနောက် ဖိလစ်ပိုင် မြို့တော် မနီလာကို ပြောင်းရွှေ့ခဲ့သလို လမ်းပေါ်မှာ နေထိုင်ခဲ့ပြီး လက်ဝှေ့စထိုးခဲ့တာပါ။

မေ ၂ ရက် ထိုးမယ့် လက်ဝှေ့ပွဲ အတွက် ချုပ်ဆိုတဲ့ စာချုပ်ကို ကြည့်ရင် မေ၀ယ်သာက အသာစီးယူထားတာကို တွေ့ရပါတယ်။

ဥပမာ ထိုးကြေး ၆၀ ရာခိုင်နှုန်းရရှိဖို့၊ ပြိုင်ပွဲခေါင်းစဉ်ပေးရင်လည်း “မေ၀ယ်သာ-ပတ်ကွီရို”ဆိုပြီး သူ့နာမည်ကို အရင်တပ်ပေးဖို့၊ ကြိုးဝိုင်းထဲလာရင် ဒုတိယ အနေနဲ့ လာဖို့၊ ကြိုးဝိုင်းဒေါင့်ကိုလည်း စိတ်ကြိုက်ရွေးခွင့်ရှိဖို့ စတာတွေ ပါဝင်နေပါတယ်။

ကမ္ဘာအဆင့်သတ်မှတ်ချက်တွေမှာ ချန်ပီယံဆုတွေ ရရှိထားတဲ့ လက်ဝှေ့သမား ၂ ဦးရဲ့ ထိုးသတ်တဲ့ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတဲ့ ခန့်မှန်းချက်တွေကလည်း အမျိုးမျိုးထွက်ပေါ်နေပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့ကျော်ဟောင်း ဦးရွှေဝါထွန်းကတော့ ဒီပွဲဟာ ပွဲကြီးပွဲကောင်း တပွဲ ဖြစ်သလို မေ၀ယ်သာက အနည်းငယ်သာမယ်လို့ သုံးသပ်ပါတယ်။

“မေ၀ယ်သာက အရှည်ကစားတာလည်း ရှိတယ်၊ အတိုလည်း ကစားတယ်၊ ပတ်ကွီရိုကျတော့ သူက အတိုများတယ်၊ နောက် မေ၀ယ်သာကလည်း ခပ်မိုက်မိုက် ကန်းကန်း ကစားတယ်ဆိုတော့ ဒီပွဲကပွဲကောင်းတပွဲပါပဲ၊ သူနိုင်မယ် ကိုယ်နိုင်မယ်ဆိုတာကတော့ စင်ပေါ်မှာပဲ အဖြေပေးလိုက်မယ်”လို့ ပြောပါတယ်။

ဒီ ၂ ယောက်ထဲက အနိုင်ရဖို့ အတွက် ဘယ်သူ့ကို ရွေးမလဲဆိုတဲ့ မေးခွန်းကိုတော့ မေ၀ယ်သာ နိုင်လောက်သလို ပတ်ကွီရို လက်ရည်နိမ့်မယ်လို့ ဦးရွှေဝါထွန်းက ဖြေပါတယ်။

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ဒိုင်လူကြီး ဦးချစ်ကိုကတော့ ပတ်ကွီရို အမှတ်နဲ့ နိုင်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပတ်ကွီရိုက လက်သီးထိုးတာ မြန်တယ်၊ နောက်အမှတ်ယူတတ်တယ်၊ မေ၀ယ်သာက နည်းနည်း အမိုက်ထိုးတယ်၊ ပတ်ကွီရို ထိုးတဲ့ လက်သီးက သာမာန်လက်သီးနဲ့ မတူဘူး၊ တော်တော်ကို မြန်တယ်”လို့ သူက ပြောပါတယ်။

နိုင်ငံတကာ လောင်းကြေးဒိုင်တွေကတော့ မေ၀ယ်သာဘက်ကနေ အသာပေးပြီး လောင်းကြေးတွေဖွင့်နေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

ပတ်ကွီရိုနဲ့ မေ၀ယ်သာ ၂ ဦးစလုံးနဲ့ ထိုးခဲ့ဖူးတဲ့ လက်ဝှေ့သမား ရစ်ကီဟတ်တွန်က ပတ်ကွီရိုက ပညာသားပါပါနဲ့ မေ၀ယ်သာကို ဖိအားပေးဖို့ လိုတယ်လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

မေ၀ယ်သာကို အနိုင်ရဖိုဆိုရင် လက်ရော ခြေထောက်ရောပါ မြန်ဖို့ လိုသလို ပတ်ကွီရိုကတော့ မေ၀ယ်သာရဲ့ လက်လျင်မြန်မှုကို ယှဉ်နိုင်တယ်လို့ သူက ပြောပါတယ်။

“ကျနော်ဘယ်သူကို နိုင်စေချင်သလဲ၊ နှလုံးသားထဲမှာတော့ ပတ်ကွီရိုကို နိုင်စေချင်တယ်၊ သူက နှိမ့်ချသလို ပျော်ရွှင်တတ်တဲ့သူတယောက် ဖြစ်နေသလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တန်ဖိုးထားတဲ့ ဖြစ်ပါတယ်။ ပတ်ကွီရိုကတော့ မေ၀ယ်သာကို အနိုင်ရနိုင်ချေရှိရှိနေပါတယ်။ မေ၀ယ်သာအတွက် ပတ်ကွီရိုက ပြဿနာ တခု ဖြစ်လာနိုင်သလို အခက်အခဲဆုံးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချီအနည်းငယ်ထိုးပြီးသွားရင် မေ၀ယ်သာက အကောင်းဆုံးလုပ်သွားနိုင်ပါတယ်။ ရင်ဆိုင်ရတဲ့ ပြိုင်ဖက်အတွက် သူစတိုင်ကို ပြောင်းလဲဖို့ စီမံနိုင်သလို အနိုင်ရမယ့် နည်းလမ်းကို ရှာတွေ့သွားနိုင်ပါတယ်။ သူကို ချစ်ချစ်မုန်းမုန်းသူက ပါရမီရှင်ပါ၊ နောက်ဆုံး မေ၀ယ်သာက နှာတဖျားအသာရသွားနိုင်ပါတယ်”လို့ ရစ်ကီဟတ်တွန်က ပြောပါတယ်။

လက်ဝှေ့ပွဲသုံးသပ်သူ ပေါလ်လေ မာလေနပ်ဂျီကတော့ ပတ်ကွီရိုက မြန်မြန် စချင်ပေမယ့် ပွဲက အစပိုင်းမှာ မြန်နိုင်မယ်လို့ မထင်သလို ၄ ချီလောက်မှ မေ၀ယ်သာက ၀င်ထိုးမယ်လို့ ပြောပါတယ်။ အဆုံးသတ်မှာတော့ မေ၀ယ်သာ အနိုင်ရမယ်လို့ သူက ခန့်မှန်းပါတယ်။

 By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no
ရင်ခုန်ဖွယ် မေ ၂ ရက် လက်ဝှေ့ပွဲ  ရင်ခုန်ဖွယ် မေ ၂ ရက် လက်ဝှေ့ပွဲ Reviewed by သစ်ထူးလွင် on 05:56 Rating: 5
Powered by Blogger.