ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခွင့် ပြုသင့်ဟု ဦးခင်အောင်မြင့် ပြောကြား

 အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ပုံ။ Photo: RFA
 အမျိုးသားလွတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိကထားစဉ်းစားတဲ့ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ခွင့်ပြုသင့်တယ်လို့ မနေ့က ပြောကြား လိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဦးခင်အောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခွင့်ကနေ ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို ရည်ညွန်းပြီး ဒီမိုကရေစီပြောင်းလဲရေးအတွက် လူတစ်ဦးတစ်ယောက်ကို အဓိကမထားပဲ တိုင်းပြည် တစ်ခုလုံးရဲ့ အကျိုးကိုရှေ့ရှုပြီး ဆုံးဖြတ်သင့်တယ် လို့ ပြောပါတယ်။

ဒ့ါအပြင် သူ့အမြင်အရ နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ လူတိုင်းပါဝင်ခွင့်ရှိသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥာဏ်ပညာ အမျှော်အမြင်ကြီးမားသူဖြစ်ပြီး နိုင်ငံရေးပုံရိပ်ကောင်းသူဖြစ်တဲ့အတွက် သူ့ကိုလည်း မိမိတို့နိုင်ငံ ရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်စေချင်ပါတယ်လို့ ဦးခင်အောင်မြင့် က ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ လာမယ့်ရွေးကောက်ပွဲအပြီးမှာ ဘယ်သူပဲ သမ္မတအဖြစ်အရွေးခံရသည်ဖြစ်စေ၊ တိုင်းပြည် အကျိုးကို ရှေးရှုပြီး လူတိုင်းပါဝင်ကြိုးပမ်းရမှာဖြစ်တယ်လို့ ကိုးရီးယား Yonhap သတင်းဌာနနဲ့ တွေ့ဆုံရာမှာ သူကပြောပါတယ်။

နိုင်ငံ့ခေါင်းဆောင်ခြောက်ဦးဆွေးနွေးပွဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က အခုလာမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးကြောင်းနဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက် ပွဲလွန် ကာလတွေမှာ တိုင်းပြည်တည်ငြိမ်မှုရှိဖို့လိုကြောင်းဖြင့်လည်း ပြောကြားခဲ့ပါတယ်။

ဦးခင်အောင်မြင့်ဟာ တောင်ကိုးရီးယား လွတ်တော်ဥက္ကဌ ချုံအီးဝါ Chung Eui-hwa နဲ့တခြား ခေါင်းဆောင်တွေ ကို တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဒီရက်ပိုင်းအတွင်း ဆိုးလ်မြို့ ကိုရောက်ရှိနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခွင့် ပြုသင့်ဟု ဦးခင်အောင်မြင့် ပြောကြား  ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခွင့် ပြုသင့်ဟု ဦးခင်အောင်မြင့် ပြောကြား Reviewed by သစ်ထူးလွင် on 11:40 Rating: 5
Powered by Blogger.