ထားဝယ်တွင် အိမ်ခြေ ၆၀ ကျော် မီးလောင်




 တနင်္သာရီတိုင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဧပြီ ၃၀ ရက်မွန်းလွဲပိုင်းက မီးလောင်ကျွမ်းပြီး ရပ်ကွက်ရှိ မူလတန်းကျောင်းတကျောင်းအပါအ၀င် အိမ်ခြေ ၆၀ ကျော် မီးလောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတဦးဖြစ်တဲ့ ကိုရဲထွဋ်က ပြောပါတယ်။

အိုးလုပ်ရပ်ကွက် နေအိမ်တလုံးမှာ ၀ါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ညနေ ၄ နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့ သူက ပြောပါတယ်။

“ရပ်ကွက်ထဲက အိမ်တလုံးမှာ မီးရှော့ဖြစ်ပြီး စလောင်တာ၊ အခုတော့ မီးကြွင်းမီးကျန်တွေ ငြိမ်းနေကြပါတယ်။ မီးသတ်ကခန့်မှန်းတာတော့ အနည်းဆုံးအိမ် ၆၀ လောက်ရှိမယ်လို့ ပြောတယ်။ အိုးလုပ်ရပ်ကွက် အလယ်လမ်းတလျှောက်လောင်တာ၊ အလယ်လမ်းရော လမ်းသွယ်တွေရောလောင်တာ တချို့အိမ်တွေလဲ ကျန်ခဲ့တယ်။ မီးက အရှေ့လေတိုက်နေတော့ ခုန်ကူးသွားတာ။ ဘေးနားက ပိန္နဲတောရပ်ကွက်က အိမ် ၂ လုံးလောက်လည်း ပါသွားတယ်။”

ထားဝယ်မီးသတ်ကို ညနေ လေးနာရီခွဲလောက် ဖုန်းနဲ့ဆက်သွယ်မေးကြည့်တော့ တာဝန်ကျ မီးသတ်ဝန်ထမ်းက ထားဝယ်က မီးသတ်ကား ၇ စီး၊ အနီးနားမြို့တွေဖြစ်တဲ့ ရေဖြူ၊လောင်းလုံနဲ့ သရက်ချောင်းတို့က မီးသတ်ကား ၇ စီး စုစုပေါင်း မီးသတ်ကား ၁၄စီးနဲ့ မီးငြိမ်းသတ်နေတယ်လို့ပြောပါတယ်။

ဘယ်ကစလောင်ပြီး အိမ်ခြေဘယ်လောက်ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

အင်တာနက်အွန်လိုင်းပေါ်တက်လာတဲ့ မီးလောင်ကျွမ်းနေတဲ့ဓာတ်ပုံတွေထဲမှာတော့ မြို့က ရေဖြန့်ဖြူးတဲ့ ပုဂ္ဂလိကဒေသတွင်းလုပ် ရေကားတွေလည်း မီးငြိမ်းသတ်တဲ့နေရာမှာ ၀ိုင်းဝန်း ငြိမ်းသတ်နေကြတာ တွေ့မြင်ရပါတယ်။

 By ရွှေအောင် (ဒီဗွီဘီ)
ဓာတ်ပုံ – ဖိုးဇော် (ထားဝယ်)၊ ထားဝယ်မြို့တော်
http://burmese.dvb.no

ထားဝယ်တွင် အိမ်ခြေ ၆၀ ကျော် မီးလောင်  ထားဝယ်တွင် အိမ်ခြေ ၆၀ ကျော် မီးလောင် Reviewed by သစ်ထူးလွင် on 18:44 Rating: 5
Powered by Blogger.