ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအ၀င် ပြည့်တန်ဆာပုဒ်မများနှင့် ဖမ်းဆီးခံရသူများကို ကျောက်တံတား တရားရုံးတွင် ရုံးထုတ်


ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအ၀င် ပြည့်တန်ဆာပုဒ်မများဖြင့် ဖမ်းဆီးခံခဲ့ရသည့် အခြား အမျိုးသမီး များကို ဧပြီ ၂၈ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် ဧပြီ ၂၈ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ခန့်က လှိုင်သာယာနေအိမ်မှ သားဖြစ်သူအတွက် ကျောင်းစာအုပ်များဝယ်ရန် မြို့ထဲသို့လာစဉ် ပြည့်တန်ဆာပုဒ်မဖြင့် ဖမ်းဆီးခံရသည့် တပ်မတော်အရာရှိတဦး၏ အမျိုးသမီးဖြစ်ပြီး ယခုအချိန်၌ ကိုယ်ဝန် ၅ လခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

''စာအုပ်ဝယ်ဖို့လာရင်း အဖမ်းခံရတာပါ။ အသားမဲမဲ လူတယောက်က လက်ကို အတင်းဆွဲကိုင်ပြီး မေးစရာရှိတယ်ပြောပြီး စခန်းကို ခေါ်သွားတာပါ။ စခန်းရောက်တော့ နင်တို့လူမှားမယ်နော်၊ ငါက အရပ်သားလဲမဟုတ်ဘူး။ ၀န်ထမ်းအမျိုးသမီးပါ။ ငါ့ယောကျာ်းကို ခေါ်ပေးပါလို့ပြောတော့ မခေါ်ပေးဘူး။ ဖုန်းကိုပိတ်လိုက်တယ်။ စာရွက်အခေါက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတော့ မထိုးပေးခဲ့ဘူး။ နာမည်မေးတယ်။ ကျွန်မက မပြောတော့ သူတို့ဘာသာ နာမည်ရေးမှတ်လိုက်တယ်''ဟု ထိုနေ့က ကျောက်တံတားမြို့မရဲစခန်းတွင် ဖြစ်ပွားခဲ့ပုံများကို မသန်းဌေး (အမည်လွဲ)က ပြန်လည်ပြောကြားသည်။

ထိုဖြစ်စဉ်နည်းတူ ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း အသက် ၂၁ နှစ်အရွယ်ခန့်ရှိ မသက်သက်ဝေသည် ပြည့် တန်ဆာပုဒ်မဖြင့် မှားယွင်းဖမ်းဆီးခံခဲ့ရပြီး ယခုရုံးချိန်းတွင် သူမလည်းပါဝင်သည်ဟု ဆိုသည်။
''ကျွန်မအမျိုးသားက လမ်း ၅၀ မှာ ဆေးသုတ်နေတာပါ။ အဲဒီနေ့က ဒဂုံကနေပြီး မြို့ထဲကိုအလာ ဘားလမ်းမှတ်တိုင်မှာ ကျွန်မနဲ့မသိတဲ့လူတယောက်က ဘယ်သွားမလို့လဲ၊ ဘာလုပ်နေလဲဆိုပြီးမေးတယ်။ ကျွန်မလည်း ကိုယ့်လမ်းကိုယ် ဆက်သွားတဲ့အချိန် နောက်ကနေ လက်လှမ်းဆွဲ၊ ကုပ်ကိုကိုင်ဆွဲတယ်။ အဲဒီအချိန်မှာ နောက်တယောက်ရောက်လာပြီး တက္ကစီပေါ် ဆွဲခေါ်တယ်။ ပြီးတော့ စခန်းကိုခေါ်သွားတယ်။ နေ့လယ် ၁ နာရီ လောက်ကပါ။ စခန်းရောက်တော့ ကျွန်မ ဈေးဝယ်ဖို့ပါလာတဲ့ ပိုက်ဆံတွေကို ယူသွားတယ်။ စာရွက်တ၀က်ခေါက်ထားတဲ့အပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ကျွန်မက ခုန လူတွေ ကျွန်မလက်ကို အတင်းဆွဲပြီးခေါ် လာတဲ့အကြောင်း ပြောပြတယ်။ ဒါပေမဲ့ နားမထောင်ဘူး။ အချုပ်ထဲမှာထည့်ထား တယ်။ မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးခဲ့ဘူး''ဟု ကျောက်တံတားရဲစခန်းတွင် သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြ သည်။

အင်းစိန်ထောင်မ အချုပ်အဆောင်၌ ၁၈ ရက်ခန့်နေခဲ့ရပြီး မသက်သက်ဝေသည် အင်းစိန်ထောင်အတွင်း ၅၅ ရက် ကြာ နေထိုင်ခဲ့ရသည်ဟု သိရသည်။

မသက်သက်ဝေ၏ အမျိုးသားဖြစ်သူ ကိုဝေလင်းထွန်းက- ''ဖြစ်ဖြစ်ချင်းမှာ တော်တော်စိတ်ပူခဲ့ရပါတယ်။ ငွေကြေးလည်း အဆင်မပြေတော့ ထောင်ဝင်စာ တွေ့ဖို့တောင် အခက်အခဲဖြစ်ခဲ့ရတယ်။ ပတ်ဝန်းကျင်အလယ်မှာလည်း မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်ခံခဲ့ရတယ်။ တကယ်ဆို မတရားမှားပြီး အဖမ်းခံခဲ့ရတာပါ''ဟု ပြောသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ လိုက်လံကူညီပေးနေသည့် နိုင်ငံရေးလှုပ်ရှားသူ ကိုမင်းမင်းက- ''အမှန်တရား ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်သွားမယ်။ မိကောင်းဖခင်သားသမီးတွေ အလုပ်သွား၊ အလုပ်ပြန်၊ လမ်းသွားလမ်းလာတွေကို အမှုလိုတိုင်းဖမ်းမယ်ဆိုရင် မကောင်းဘူးပေါ့။ လုပ်တဲ့လူတွေကျတော့ ပေါ်တင်လုပ်နေပြီး မဟုတ်တဲ့လူတွေကျတော့ ဒီလိုဖြစ် နေတာ။ တာဝန်ရှိတဲ့လူတွေကို အရေးယူသင့်ပါတယ်။ ကာကယံရှင်တွေအတွက် ဘယ်လိုလုပ်မလဲ။ ဒီလိုဖြစ်စဉ်ကို လုံးဝ ရှုတ်ချတယ်။ လိုအပ်ရင်ဆန္ဒ ဖော်ထုတ်သွားပါမယ်''ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောက်တံတားမြို့မရဲစခန်းမှူးကို ဆက်သွယ်မေးမြန်းရာ ယခုဖြစ်စဉ်ကို အမှုကိုင် ရဲအရာရှိကသာ သိရှိပြီး ၎င်းတို့အနေနှင့် ဥပဒေအရသာဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောသည်။

ရန်ကုန်တွင် ယခုနှစ် ပထမ ၄ လအတွင်း ဖမ်းဆီးအရေးယူထားသည့် ပြည့်တန်ဆာမှုပေါင်း ၂၅၈ မှုရှိကြောင်း သိရသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအ၀င် ပြည့်တန်ဆာပုဒ်မများနှင့် ဖမ်းဆီးခံရသူများကို ကျောက်တံတား တရားရုံးတွင် ရုံးထုတ်  ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအ၀င် ပြည့်တန်ဆာပုဒ်မများနှင့် ဖမ်းဆီးခံရသူများကို ကျောက်တံတား တရားရုံးတွင် ရုံးထုတ် Reviewed by သစ်ထူးလွင် on 17:47 Rating: 5
Powered by Blogger.