စစ်တွေနှင့် ရမ်းဗြဲ မီးလောင်၊ အိမ်ရှစ်ဆောင် မီးထဲပါ

မတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းက စစ်တွေ မီးလောင်အပြီး မြင်ကွင်း
စစ်တွေ၊ မတ် ၉

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရမ်းဗြဲမြို့တို့တွင် နှစ်ရက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ရှစ်ဆောင် မီးလောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေတွင် ကုန်တန်းရပ်ကွက်၊ လှည်းတန်းလမ်းတွင် မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က မီးလောင်ခဲ့ပြီး  ရမ်းဗြဲတွင် ယမန်နေ့ (မတ်လ ၈ ) ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

စစ်တွေတွင် နေအိမ် ၄ လုံးမီးလောင်ခဲ့ပြီး  အခြားအိမ်တစ်လုံးကိုလည်း မီးငြိမ်းသတ်နိုင်ရန်အတွက် ဖြိုဖျက်ခဲ့ရသည်ဟု အခင်း ဖြစ်ပွားနေသည့်နေရာကို ရောက်ရှိနေသည့် ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစံရွှေထွန်းက နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ဖြေကြားခဲ့သည်။

“ဘယ်အိမ်ကနေ ဘယ်လို မီးစတင်လောင်တာကိုတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးတုန်း ပဲရှိပါသေးတယ်။ မီးလောင်တာက နာရီဝက်ခန့်ကြာပါတယ် ” သူဟု သူက ဆိုသည်။

မီးလောင်ရာ နေရာသို့ ရောက်ရှိနေသည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရာဇာအောင်အား မြေးမြန်းရာ အများထင်သလို လျှပ်စစ်ဝါယာလျှော့ ဖြစ်ရာမှ  စတင်မီးလောင်ခြင်းမျိုးမဖြစ်နိုင်ဟု ဆိုသည်။

မီးလောင်ကျွမ်းသွားသည့်နေအိမ်များတွင် ဓနိမိုး၊ ပျဉ်ကာအိမ်တစ်လုံးနှင့် ကျန်အိမ်များမှာ သွပ်မိုးပျဉ်ကာများဖြစ်ကြသည်။ လူများအား တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရှိခြင်း မရှိခဲ့ဟု သိရသည်။

အလားတူ မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း  ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်စုစုပေါင်း ၄ လုံး မီးလောင်ကျွမ်းခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၃ဝ ကျော်ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တဆင့် သိရသည်။

“မီးစလောင်တဲ့အိမ်မှာက ယောက်ျားတစ်ယောက်တည်းနေတာ။ သူလည်း အိမ်မှာ မနက်ပိုင်းအထိပဲရှိပြီး ကျန်တဲ့အချိန်မှာ တခြားရွာကိုအလုပ်လုပ်သွားလုပ်နေရတယ်”ဟု  မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ပွင့်က နိရဉ္စရာသို့ပြောသည်။

နာရီဝက်ခန့်အကြာဖြစ်ပွားခဲ့သည့်ယခုမီးလောင်မှုကြောင့် ဓနိမိုး၊ ဝါးထရံကာအိမ်အပါအဝင် သွပ်မိုး၊ အုတ်ထရံကာထားသည့်နေအိမ်များလည်း မီးလောင်ဆုံးရှုံးသွားသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။

ယခုဖြစ်စဉ်နှစ်ခုကြောင့် မီးပေါ့ဆစွာသုံးစွဲသူများကို စုံစမ်းစစ်ဆေး၍ ဥပဒေအရအရေးယူသွားမည်ဟု ရဲက ဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ) / နိရဉ္စရာ
http://www.narinjara.com/burmese

စစ်တွေနှင့် ရမ်းဗြဲ မီးလောင်၊ အိမ်ရှစ်ဆောင် မီးထဲပါ စစ်တွေနှင့် ရမ်းဗြဲ မီးလောင်၊ အိမ်ရှစ်ဆောင် မီးထဲပါ Reviewed by သစ်ထူးလွင် on 08:52 Rating: 5
Powered by Blogger.