ကေအန်ပီပီက ငွေကောက်ခံမှုနှင့် လက်နက်ကိုင်ဆောင် သွားလာမှု ပြည်နယ်အစိုးရ ကန့်ကွက်


ဆန်းဖြိုးထွန်း

ကယား(ကရင်နီ) ပြည်နယ်အတွင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(ကေအန်ပီပီ)က ငွေကြေး ကောက်ခံခြင်းနှင့် လက်နက်ကိုင်ဆောင်သွားလာခြင်းများကို ပြည်နယ် အစိုးရအဖွဲ့က ကန့်ကွက် လိုက်သည်။

စခန်းအဆောက်အဦများ တည်ဆောက် နေခြင်းများကိုလည်း ကန့်ကွက်ကြောင်း စာတစောင်ကို မတ်လ လယ်ခန့်က ပြည်နယ်အစိုးရက ကေအန်ပီပီ ထံပေးပို့ထားသည်ဟု ဆိုသည်။

ကေအန်ပီပီက ငွေကြေးကောက်ခံမှုများ၊ ပြည်နယ်တွင်းလက်နက်ကိုင် ဆောင် သွားလာမှုနှင့်စခန်း ဆောက်လုပ်နေမှုများသည် ပြည်သူလူထု အထင်မြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မလိုလား အပ်သော အုပ်ချုပ်မှု ပြဿနာရပ်များ ဖြစ်လာနိုင်သဖြင့် ကန့်ကွက်ကြောင်းနှင့် အောက်ခြေ တပ်ဖွဲ့ဝင်များ ဆောင်ရွက်နေမှုများကို သေချာ ထိန်းသိမ်း ကြပ်မတ်သွားရန် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ယခင်ကတည်းက ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး ယခုပေးပို့လာသောစာတွင် ကန့်ကွက်ကြောင်း ဆိုသည့် အရေးအသားကို အသုံးပြုထားသည်ဟု ကေအန်ပီပီ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။

“စာဝတ်နေရေး ဖြေရှင်းရတာမျိုးရှိတယ်၊ နောက်ပြီး တချို့အောက်ပိုင်းမှာ ဂိတ်တွေဘာတွေ ထားတာ က ကျနော်တို့ ဒီမူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးကို ရှင်းလင်းတာဖြစ်တယ်၊ တရားမဝင် ပစ္စည်းတွေပေါ့ အဲ့ဒါမျိုးတွေကြောင့်လုပ်ရခြင်းဖြစ်ပါတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

မတ်လ အစောပိုင်းက ကေအန်ပီပီ တပ်ဖွဲ့ဝင် အရာရှိတဦးနှင့် တခြားတပ်ဖွဲ့ဝင် ၂ ဦးတို့ လက်နက် ကိုင်ဆောင်ပြီး လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စု ဝမ်ကွန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ကားတစ်စီးလျှင် ကျပ်တသိန်း ကောက်ခံပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

ဖရူဆိုမြို့နယ် မာခရောရှည်နှင့် ဒေါးသဲရွာကြား လွိုင်ကော်-ဘောလခဲ ကားလမ်း ဘေးတွင် ကေအန်ပီပီက အဆောက်အဦတလုံးဆောက်လုပ်နေသည့် ကိစ္စကိုလည်း ကန့်ကွက်ခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် အခွန်ကော်နေသည့် ကိစ္စရပ်များမှာ လက်ရှိတွင် ခွင့်မပြုကြောင်း ကယားပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစေားဟူးဟူး ကပြောသည်။

“ဒီကိစ္စကတော့ စစ်ဘက်ဆိုင်ရာနဲ့ဆိုင်ပါတယ်၊ ကေအန်ပီပီဘက်ကလည်း ဆွေးနွေးပွဲမှာ ဆွေးနွေး ဖြစ်ကြတာကြားတယ်၊ ပြည်နယ်အစိုးရကန့်ကွက်စာပို့ထားတယ်ဆိုတာတော့ ကျနော် သေချာ မသိဘူး။ ကျနော့် အယူအဆပြောရရင်တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဆပ်ကြေးကောက်တာတို့ အဲဒါမျိုးတွေ ခွင့်မပြုတာတို့ရှိတယ်၊ ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

တပ်မတော်က နယ်မြေတွင် လူသစ်မစုဆောင်းသကဲ့သို့ ဆက်ကြေးကောက်ခံခြင်း မရှိသလို နယ်မြေမချဲ့ပါက တိုက်ပွဲများ ဖြစ်လာနိုင်စရာမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လူငယ်နှင့်ငြိမ်းချမ်းရေး ဖိုရမ်တွင် ထည့်သွင်းပြောကြာသွားသည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ကေအန်ပီပီက ငွေကောက်ခံမှုနှင့် လက်နက်ကိုင်ဆောင် သွားလာမှု ပြည်နယ်အစိုးရ ကန့်ကွက် ကေအန်ပီပီက ငွေကောက်ခံမှုနှင့် လက်နက်ကိုင်ဆောင် သွားလာမှု ပြည်နယ်အစိုးရ ကန့်ကွက် Reviewed by သစ်ထူးလွင် on 18:13 Rating: 5
Powered by Blogger.