မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်က လိုက်ထရပ်ယာဉ်ကိုတိုက်မိ၍ ကိုရင်ငါးပါးပျံလွန်



နေပြည်တော် မတ် ၉

တပ်ကုန်းမြို့နယ် ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၂၄၁/ ၁ )နှင့် (၂၄၁/၂ )ကြား၌ ယနေ့နံနက် ၆ နာရီခွဲခန့််က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း မင်းအောင်ကျော်မြင့် (၃၈ နှစ်) (ရပ်ကွက်ကြီး (၇) အောင် ရတနာရပ်ကွက် ပြင်ဦးလွင်မြို့နေသူ) မောင်းနှင်သော 9E/ ---- မန်းရွှေမြို့တော် မော်လမြိုင်-မန္တလေးယာဉ်လိုင်း မှ ခရီးသည်တင်ယာဉ်(လိုင်စင်စိစစ်ဆဲ)မှာ အရှိန်မထိန်း နိုင်ဘဲ ယင်း၏ရှေ့မှ ယာဉ်မောင်း ဦးနန္ဒဝံသ သက်တော် (၅ဝ နှစ်)ရွှေတောင်ပရိယတ္တိစာသင်တိုက်၊ ပဲခူးမြို့နေသူ မောင်းနှင်သော 8G/----- လိုက်ထရပ်အဖြူရောင်ယာဉ်၏ နောက်ပိုင်းကို တိုက်မိရာ မန်းရွှေမြို့တော်ယာဉ်မှာ လမ်းမ ပေါ်၌ ရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်တွင်ပါရှိသည့် ခရီး သည်များထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ အတိုက်ခံရ သည့် လိုက်ထရပ်ယာဉ်သည် လမ်းပေါ်၌ နှစ်ပတ်ခန့်လိမ့် ကာ လမ်း၏ယာဘက် မြေသားလမ်းပေါ်သို့ ကားခေါင်း ပိုင်းနှင့် ကားအောက်ပိုင်းဖရိန်တို့ ရောက်ရှိသွားပြီး ကိုယ်ထည်သည် ပြုတ်ထွက်ကာ တစ်ဖက်ယာဉ်ကြောသို့ ကျရောက်တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ကိုရင် ငါးပါး အခင်းဖြစ်ပွားရာနေရာ၌ ပျံလွန်ခဲ့ပြီး ဦးပဉ္ဇင်းနှစ်ပါး၊ ကိုရင် ၁၃ပါး နှင့် အမျိုးသားလေးဦးတို့ ဒဏ်ရာရရှိခဲ့သည်။

မန်းရွှေမြို့တော် Express မှ ဒုတိယယာဉ်မောင်း ကိုဝင်းနိုင်က ''ကျွန်တော် အခင်းဖြစ်ပွားရာမှာ ကြားတာ ကတော့ သူတို့ကားလေးက ရေဆူတယ်၊ ရေဆူတော့ လမ်းဘေးထိုးရပ်တယ်၊ ပြန်ထွက်တော့ အမြန်လမ်း ပေါ်မကြည့်ဘဲ ထွက်လိုက်တယ်၊ ထွက်လိုက်တဲ့အချိန်နဲ့ ကျွန်တော်တို့ကားကြီးက အရှိန်နဲ့ဆင်းလာတာ၊ သူတို့ကား ထိုးတက်လာတဲ့အတွက် ကားကြီးက ဟိုဘက်လည်းချလို့ မရ ဒီဘက်လည်းချလို့မရဖြစ်ပြီး တိုက်မိတာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက အခင်း ဖြစ်ချိန်တွင် မြူနှင်းအနည်းငယ်ကျဆင်းနေသော်လည်း ဆိုးဆိုးရွားရွားမဟုတ်ကြောင်း၊ ရှေ့မှယာဉ်ကို ကျော်တက် မည်ဆိုပါက ကိုက် ၅ဝ၊ ကိုက် ၁ဝဝ ခန့်ကတည်းက သတိ ဖြင့် ပြင်ဆင်မှု ယူထားရမည်ဖြစ်ကြောင်း၊ နောက်က မှေး လိုက်သွားရာမှ ယာဉ်ကြီး၏ ညာဘက်ခြမ်းနှင့် ရုတ်တရက် ငြိသွားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် မန်းရွှေမြို့တော်ယာဉ်မှာ ရှေ့ ခေါင်းပိုင်း ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ယာဘက်ရှေ့ မီးလုံးကွဲ ပျက်စီးဆုံးရှုံးခဲ့ပြီး လိုက်ထရပ်ယာဉ်မှာ ဘော်ဒီ ပြုတ်၊ လွင့်ထွက်၊အမိုးပိုင်းပိန်ချိုင့်၊ ဝဲ/ယာရှေ့တံခါးပိန်ချိုင့် ပျက်စီးဆုံးရှုံးခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ရန်ကုန်- မန္တလေး အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်း အပါ အဝင် အခင်းဖြစ်ပွားရာနေရာနှင့်နီးသည့် အမြန်လမ်း ရဲတပ်ဖွဲ့ စခန်းမှူးများနှင့် တပ်ဖွဲ့ဝင်များ အချိန်နှင့်တစ်ပြေး ညီ ရောက်ရှိခဲ့ပြီး ဒဏ်ရာရသူများနှင့် သေဆုံးသူများကို နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ အချိန်မီ ပို့ဆောင် ပေးသည်။ ယာဉ်တိုက်မှုကြောင့် အမြန်လမ်းမကြီးပေါ်၌ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကားများကို လမ်းဘေးချခြင်း၊ လမ်းပေါ်ရှိ မှန်ကွဲစများကို ရှင်းလင်း ခြင်းတို့ကို ဆောက်လုပ်ရေးအဖွဲ့များ၊ သန့်ရှင်းရေးအဖွဲ့များ က ဆောင်ရွက်ကြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မန်းရွှေမြို့တော်ယာဉ်မှ ယာဉ်မောင်း မင်းအောင်ကျော်မြင့် (ထွက်ပြေးတိမ်းရှောင်)ကို ဖမ်းဆီးနိုင်ရေး ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-သီရိခေတ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်က လိုက်ထရပ်ယာဉ်ကိုတိုက်မိ၍ ကိုရင်ငါးပါးပျံလွန် မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်က လိုက်ထရပ်ယာဉ်ကိုတိုက်မိ၍ ကိုရင်ငါးပါးပျံလွန် Reviewed by သစ်ထူးလွင် on 05:36 Rating: 5
Powered by Blogger.