ပလိပ်မြွေဘုရားတွင် မြွေကြီးများရေချိုးချိန် မြွေကြီးနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သူများပြား


မန္တလေး မတ် ၂၈

''မြို့ပုဂံ ရွာပလိပ်''ဆိုသောစကားနှင့် အညီ ဘုရားစေတီပေါများမှုတွင် ပလိပ်သည်ထင်ရှားသည်။ ပလိပ်တွင် နိုင်ငံသိဘုရားတစ်ဆူရှိသည်။ ထို ဘုရားမှာ ရတနာလာဘမုနိမြွေဘုရား ပင်ဖြစ်သည်။ မြွေဘုရားတွင် မြွေများ ရှိသည်။ ထိုဘုရားသည် ဒေသခံတို့ ပလိပ်အင်းအတွင်းစိုက်ပျိုးသောစပါး မှထွက်သည့် ဆန်တို့ဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူသည့်ဓလေ့ရှိသည်။

 မြွေဘုရားသည် သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ရှမ်းမောင်နှမသုံးဦးဖြစ်သည့် အစ်မတော်စောယွန်း၊ မောင်တော်စောဦး၊ ညီမတော်စောမွန်တို့က တည်ထားကိုး ကွယ်ခဲ့သည်။ စေတီတော်အတွင်းရှိ ရုပ်ပွားတော်မှာထူးခြားပြီး လက်တော် နှစ်ဖက်ကိုဖြန့်လျက် ဝရမုဒြာပုံစံဖြစ် ပြီး ကျောက်ဆင်းတု၊ ကြေးဆင်းတု မဟုတ်ဘဲ ရောစပ်မွမ်းမံတည်ထား သော မံရုပ်ပွားတော်ဖြစ်သည်။ ထိုရုပ် ပွားတော်ကို အကြောင်းပြုကာ ရတနာ လာဘမုနိဆုတောင်းပြည့်ဘုရားဟု ခေါ်ဆိုသမုတ်ခဲ့ကြောင်း သိရသည်။

နှစ်ကာလကြာသောအခါရှေးဟောင်း စေတီများအား ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းသွားခဲ့သည်။၁၃၃၈ ခုနှစ် တပေါင်းလဆန်း ၁ဝ ရက် နံနက် ၇ နာရီ၊ ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် စေတီဟောင်းများအတွင်း ချုံနွယ်များရှင်းလင်းရာမှ ရတနာလာ ဘမုနိဆုတောင်းပြည့် စေတီတော် အတွင်းရှိ ရုပ်ပွားတော်၏ မဏိတော်၊ လည်ပင်းတော်၊ လက်တော်များ ပေါ်တွင် မြွေကြီးသုံးကောင်ရစ်ပတ်ဦး ခိုက်ခွေကာနေသည်ကို တွေ့ရှိရာမှ ထင်ရှားလာကာ သာသနာပြုမြွေကြီး သုံးကောင်ကိုအကြောင်းပြုကာ ရတနာ လာဘမုနိဆုတောင်းပြည့် မြွေဘုရားဟု နိုင်ငံအနှံ့ထင်ရှားကျော်ကြားလာခဲ့သည်။

မြွေဘုရားတွင် နေ့စဉ်ဘုရားဖူးများ စည်ကားလျက်ရှိသည်။ ဘုရားဖူးများ သည် ထိုမြွေများအတွက် မြွေစာလှူဒါန်း ခြင်းများပြုလုပ်ပြီး မြွေဘုရားတွင် အဓိဋ္ဌာန်ပြုကာ ဆုတောင်းလေ့ရှိကြ သည်။ အဓိဋ္ဌာန်အောင်တိုင်း သာသနိ က အဆောက်အအုံများ ကုသိုလ်ပြု လှူဒါန်းသည့်အတွက် ခမ်းနားသပ်ရပ်ကာ ဘုရားဖူးများ စိတ်လက် ချမ်းသာစွာ ဘုရားဖူးနိုင်သည်အထိ တိုးတက်လာခဲ့သည်။

ယခုအခါ မြွေဘုရားသို့ လာရောက်ဖူးမြော်ကြသော ဘုရားဖူးများသည် မြွေကြီးများရေချိုး ပေးချိန်နှင့်တိုက်ဆိုင်ပါက မြွေကြီးများ နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူး ကြသည်။ မြွေရေချိုးချိန်တွင် အမှတ် တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် ကူညီပေး လေ့ရှိပြီး အမှတ်တရ ဓာတ်ပုံများကို ငါးမိနစ်အတွင်း ကူးပေးကာ ဝန်ဆောင် မှုပေးထားသည်။ ဘုရားဖူးများမှာ လည်း မြွေကြီးများနှင့် အမှတ်တရ ဓာတ်ပုံရိုက်မှုကိုအထူးနှစ်သက်ပြီး ရခဲသောအခွင့်အရေးမို့ စိတ်ဝင်စားမှု များပြားကြောင်း သိရသည်။

(တိမ်တမန်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပလိပ်မြွေဘုရားတွင် မြွေကြီးများရေချိုးချိန် မြွေကြီးနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သူများပြား ပလိပ်မြွေဘုရားတွင် မြွေကြီးများရေချိုးချိန် မြွေကြီးနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သူများပြား Reviewed by သစ်ထူးလွင် on 06:28 Rating: 5
Powered by Blogger.