အစိုးရတပ် ကြားစခန်းများရုပ်သိမ်းရန် ကေအန်ပီပီ တောင်းဆို


ကယား(ကရင်နီ) ပြည်နယ်ရှိ အစိုးတပ်များ အခြေစိုက်ထားသော ကြားစခန်းများကို ရုပ်သိမ်းပေးရန် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ)က တောင်းဆို လိုက်သည်။

ကေအန်ပီပီနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ် တပ်ပိုင်ဆိုင်ရာ ကိစ္စတခုကို တောင်းဆိုခြင်း ဖြစ်သည်ဟု ကေအန်ပီပီ ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောသည်။

“တပ်ကိစ္စကတော့ သူတို့ သေချာပြန်ဖြေတာ မရှိဘူး၊ ကြားစခန်းဆိုတာက လူထု အတွက်ဝန်ထုပ် ဝန်ပိုးဖြစ်စေတဲ့ တပ်စခန်း အထူးသဖြင့် ကြားစခန်းတွေကို ပြန်ရုပ် သိမ်းပေးဖို့ ကျနော်တို့တင်ပြတယ်” ဟု သူက ပြောသည်။

အစိုးရတပ်များ ချထားသော ရှားတော မြို့နယ် ဒေါးတနော ၊ ဒီးမော့ဆိုမြို့နယ် ထီးဖိုး ကလိုး၊ တပ်စခန်းများဖြစ်သည့် စိမ့်ဝင်တောင် အနောက်ဖက်ရှိ ဖူးကရားခူ စသည့် စခန်းများအား ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၂ ဖက်တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တစုံတရာ ယုံကြည်မှုများ မတည် ဆောက်နိုင်သေးဟု ကေအန်ပီပီပြည်ထဲရေး ၀န်ကြီး ခူးထဲဘူးက ကရင်နီ နှစ်သစ်ကူးတွင် ပြောဆိုသွားသည်။

ကေအန်ပီပီ ဒုဥက္ကဋ္ဌ ခူဦးရယ်မှ ဦးဆောင်ပြီး အဖွဲ့ဝင် (၈)ဦးနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့အား ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ဦးဆောင်ပြီး ၀န်ကြီး (၅)ဦးပါဝင် တက်ရောက် ခဲ့သည်။

အဓိကအားဖြင့် တပ်ကိစ္စများ ၊ မြေယာကိစ္စများ ၊ အပစ်ခတ်ရပ်စဲရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

မတ်လ ၃၁ ရက် တွင် ပြည်နယ်အစိုးရနှင့် ထပ်မံညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်သည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
အစိုးရတပ် ကြားစခန်းများရုပ်သိမ်းရန် ကေအန်ပီပီ တောင်းဆို အစိုးရတပ် ကြားစခန်းများရုပ်သိမ်းရန် ကေအန်ပီပီ တောင်းဆို Reviewed by သစ်ထူးလွင် on 18:10 Rating: 5
Powered by Blogger.