ဦးရွှေမန်း ခေါင်းဆောင်နေရာ ဆက်ခံမည်ဟု ဦးအောင်သောင်းဆို


 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ၏ အနာဂတ်တွင် ဦးသိန်းစိန်သည် ပါတီ နိုင်ငံရေးကို ၀ိုင်းဝန်း ကူညီမည် ဖြစ်ပြီး ဦးရွှေမန်းသည် ပါတီ ခေါင်းဆောင် နေရာ ဆက်ခံမည် ဟူသော မူဝါဒ ရှိကြောင်း ယင်းပါတီ၏ ဗဟို ကော်မတီ အကြံပေး ဦးအောင်သောင်းက The Messenger Media သို့ ပြောသည်။

တိုင်းပြည် ကလည်း အပြောင်းအလဲတွေ လိုချင်တော့ သင့်လျော်တဲ့ လူကို ရွေးချယ်ပြီး တာဝန်ပေး လိမ့်မယ်။ သူလည်း ထောက်ခံ လိမ့်မယ်။ များသော အားဖြင့် ဖြစ်နိုင်တဲ့ အလားအလာ အကောင်းဆုံး ကတော့  သူရဦးရွှေမန်းပဲ ဖြစ်ပါတယ်။ အလားအလာ အကောင်းဆုံးနဲ့ ဆက်ခံဖို့ အသင့် လျော်ဆုံး ပုဂ္ဂိုလ်လို့ ပြောလို့ ရပါတယ် ဟု ဦးအောင်သောင်းက ဆိုသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ အနိုင်ရ ပါက သမ္မတအဖြစ် အမည် စာရင်း တင်သွင်းမည့် သူသည် သူရဦးရွှေမန်းမှ လွဲ၍ မရှိကြောင်း၊ လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ကျန်းမာရေး အရနှင့် အစိုးရ သက်တမ်း အရ ဆောင်ရွက် ထားကာ မူဝါဒအရ မျိုးဆက်သစ် များကို နေရာပေး သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 ပြည်သူများသည် တိုင်းပြည်၏ အနာဂတ် ကောင်းမွန် တည်ငြိမ်ရန် မည်သူက လုပ်ပေးနိုင် သနည်း၊ ထမင်းဝအောင်၊ စီးပွားရေး ကောင်းအောင် မည်သူက စီစဉ်ပေးနိုင် ဆိုသည်ကို ရွေးချယ်ကြမည် ဖြစ်ရာ သူရရွှေမန်းသည် ပြည်သူများ မျှော်လင့်နေသော ပုဂ်္ဂိုလ် ဖြစ်လာမည် ဖြစ်ကြောင်း ဦးအောင်သောင်း က ဆိုသည်။

 ကျွန်တော်တို့က စီနီယာနဲ့ သွားတာပါ။ အောက်ခြေ ကလည်း သိထားကြ ပါတယ်။ အဆင့်ဆင့် တာဝန်ယူတာ။ ဒီအတိုင်းပဲ လာမယ် ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းက The Messenger Media သို့ ပြောသည်။ သူရ ဦးရွှေမန်းသည် ၂၀၁၅ တွင် သမ္မတ လုပ်လိုသည်ဟု ပြောကြား ထားသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်းသမ္မတအဖြစ် ဆက်အရွေးခံမခံ သမ္မတ ကိုယ်တိုင် ပြောမည်ဟု သမ္မတ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးရဲထွဋ်က ပြောကြား ထားသည်။ ပြည်ခိုင်ဖြိုး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရကာ လက်ရှိ အာဏာရပါတီ ဖြစ်သည်။ ၎င်း ပါတီ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မရှုံးနိမ့်ရေး အတွက် အဓိကထား လုပ်ဆောင်မည်ဟု ပါတီ တာဝန်ရှိသူများက ပြောကြား ထားသည်။ ယင်းပါတီ၌ ပါတီဝင် အင်အား (၄၈) သိန်းခန့် ရှိကြောင်း သိရသည်။

တေဇာဘုန်းမြင့်
The Messenger Media
http://www.messengerdaily.com/

ဦးရွှေမန်း ခေါင်းဆောင်နေရာ ဆက်ခံမည်ဟု ဦးအောင်သောင်းဆို ဦးရွှေမန်း ခေါင်းဆောင်နေရာ ဆက်ခံမည်ဟု ဦးအောင်သောင်းဆို Reviewed by သစ်ထူးလွင် on 03:18 Rating: 5
Powered by Blogger.