သပိတ်မှောက်ကျောင်းသားတွေကို ရဲတွေ ဖြိုခွင်း

လက်ပံတန်း ဆန္ဒပြကျောင်းသားသပိတ်ကို လုံခြုံရေးကဖြိုခွဲစဉ် တွေ့မြင်ရတဲ့အခြေအနေတချို့
လက်ပံတန်းမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို ပိတ်ထားတဲ့ လုံခြုံရေးရဲတွေက ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းလိုက်ပါပြီ။

သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းဖက် ဝင်ရောက် ဖမ်းဆီးခဲ့ရာမှာ ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် ပဲခူးစစ်ကြောင်းက ကျောင်းသား ၃၂ ယောက် အဖမ်းခံခဲ့ရပါတယ်။

ဆန္ဒပြ ကျောင်းသားတွေက အစိုးရ ကမ်းလှမ်းသလို ရန်ကုန်ကို ကားနဲ့ သွားဖို့ မူလက သဘောတူခဲ့ပေမယ့် ကားပေါ်မှာ အလံ လွှင့်ထူခွင့်နဲ့ သီချင်းဖွင့်ခွင့်တွေကို တော့ အာဏာပိုင်တွေက ခွင့်ပြုဖို့ နောက်ပိုင်းမှာ ငြင်းဆန်ခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေက သူတို့ သတ်မှတ်ထားတဲ့ အချိန် ၁၁ နာရီ ၄၅ မိနစ် ကျော်လွန်လာပြီးတဲ့နောက် ရဲတွေ တားထားတဲ့ စည်းကို ဖေါက်ထွက်ဖို့ ကြိုးစားရာမှာ လုံခြုံရေးရဲတွေနဲ့ ကျောင်းသားတွေအကြား ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့တာပါ။

နောက်ပိုင်းမှာ ရဲတွေက ကျောင်းသားတွေကို နံပတ်တုတ်တွေနဲ့ ရိုက်နှက် ဖြိုခွင်းခဲ့ရာမှာ ကျောင်းသား အများအပြား ထိခိုက် ဒဏ်ရာရသွားပါတယ်။

အနီးအနားက ဘုန်းကြီးကျောင်းထဲ ပြေးဝင် ခိုလှုံခဲ့တဲ့ ကျောင်းသားတွေကို ရဲတွေက လိုက်လံ ရိုက်နှက် ဖမ်းဆီးခဲ့ရာမှာ သတင်းထောက် တချို့လည်း ရိုက်နှက်ခံခဲ့ရပါတယ်။

လတ်တလောမှာ ခေါင်းဆောင်တွေလည်း တကွဲတပြား ဖြစ်နေပြီး ဖမ်းဆီးခံရသူ စာရင်းကို ထပ်ပြီး စိစစ်နေဆဲပဲလို့ ကျောင်းသားခေါင်းဆောင် ကိုသီဟဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
သပိတ်မှောက်ကျောင်းသားတွေကို ရဲတွေ ဖြိုခွင်း သပိတ်မှောက်ကျောင်းသားတွေကို ရဲတွေ ဖြိုခွင်း Reviewed by သစ်ထူးလွင် on 19:06 Rating: 5
Powered by Blogger.