တရားမျှတမှု အတွက် တိုက်ပွဲဝင်မည့် ယင်းလပ်


အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့နဲ့ ထိုင်းနိုင်ငံမှာ တရားမျှတမှုနဲ့ ဒီမိုကရေစီ ပြန်လည်ယူဆောင်ဖို့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်က ပြောပါတယ်။

“ဒီကနေ့ ထိုင်းမှာ ဒီမိုကရေစီနဲ့အတူ တရားဥပဒေ စိုးမိုးရေးက သေဆုံးသွားပါပြီ၊ ယင်းလပ်မရှိလည်း ထိုင်းကဆက်လက်ရှင်သန်နိုင်ပေမယ့် တရားမျှတမှု မရှိရင်တော့ ဘယ်သူမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး” လို့ ယင်းလပ်က ပြောပါတယ်။

ယင်းလပ် ရှင်နာဝပ်ကို နိုင်ငံရေးနဲ့ ၅ နှစ်ကင်းကွာအောင် နေဖို့နဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့  စွဲဆိုသွားဖို့ အမျိုးသား ဥပဒေပြု လွှတ်တော်က ဇန်န၀ါရီ ၂၄ ရက်က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာကနေ တဆင့် ထုတ်ပြန်ချက် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ပြန်လည် အားကောင်းရေး အတွက် လူထုနဲ့ အတူ ရပ်တည်သွားမယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံသမိုင်းမှာ ယင်းလပ်ဟာ ပထမဆုံး စွပ်စွဲ ပြစ်တင်ခံရတဲ့ ၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။

အမျိုးသား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ယင်းလပ်အစိုးရရဲ့ အရှုံးပေါ်နေတဲ့ ဆန်ကိစ္စနဲ့ပတ်သက်ပြီး ပေးထားတဲ့ကတိအတိုင်း အကောင်ထည်ဖော်နိုင်ခဲ့ခြင်း မရှိသလို အကျင့်ပျက်ခြစားမှု မရပ်တန့်နိုင်တဲ့အတွက် ယင်းလပ် အပေါ် စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု စွဲဆိုချက်ကြောင့် ဆယ်စုနှစ်နီးပါး ထောင်ဒဏ် ကျခံရနိုင်တယ်လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။

ယင်းလပ်အပေါ် စွဲဆိုလိုက်တဲ့ အပေါ် ထိုင်းလူမျိုးတွေကြား အမြင်ကွဲပြားနေပါတယ်။ ဘန်ကောက်ဒေသခံတွေကတော့ တရားစီရင်မှုက မျှတတယ်လို့ ပြောဆိုပေမယ့်တချို့ကတော့ ယင်းလတ်က မတရားခံရတယ်လို့ ပြောပါတယ်။

ရှေ့နေတွေကတော့ ဒီအရေးကို အများပြည်သူဆီ ကြေညာချက် ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78480
တရားမျှတမှု အတွက် တိုက်ပွဲဝင်မည့် ယင်းလပ် တရားမျှတမှု အတွက် တိုက်ပွဲဝင်မည့် ယင်းလပ် Reviewed by သစ်ထူးလွင် on 21:06 Rating: 5
Powered by Blogger.