နှမချင်းမစာနာ လက်စွမ်းပြတဲ့ တောင်တွင်းကြီးက လူငယ် ၃ ဦးကို သက်ဆိုင်ရာက ဥပဒေအရ အရေးယူလိုက်ရမှု


မကွေးတိုင်း ဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့မ ရဲစခန်း၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာ အုန်းတော(၁)ရပ်ကွက် နယ်မြေတွင် ကုမ္ပဏီတစ်ခုမှ အရောင်း မြှင့်တင်ရေး ၀န်ထမ်းများအား လူငယ်တစ်စုက မင်းမဲ့ စရိုက်ဆန်ဆန် ဆူပူရမ်းကား ထိုးကြိတ်ရိုက်နှက်ခြင်းများ ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသတင်း ရရှိသည်။

ဖြစ်စဉ်မှာ ၁၉-၁-၂၀၁၅ ရက်နေ့ ည ၁၀း၂၀ အချိန်ခန့် တောင်တွင်းကြီးမြို့ အုန်းတော(၁)ရပ်ကွက်
စိန်ထက်စားသောက်ဆိုင်ရှေ့တွင် Grand Royal ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေး ၀န်ထမ်းများအား
သွားရောက်ကြိုသော ၈က/၅၁၄၈ လိုက်ထရပ်အဖြူရောင်ကားဘေးတွင် ရပ်နေသော ယာဉ်မောင်း သက်ပိုင်ထွန်းအား လူငယ်တစ်စုက တွန်းထိုးမိရာမှ စကားများရန်ဖြစ်ရာ ယာဉ်ပေါ်တွင် ပါရှိသော အရောင်းဝန်ထမ်း မထက်ထက်လှိုင်၊ မကျော့ကေခိုင်၊ မနှင်းရည်အေး၊ မမေလဲ့မွန်တို့ ၄ ဦး ယာဉ်ပေါ်မှဆင်းပြီး ၀ိုင်းဝန်းဖြန့်ဖြေခဲ့ရာ အေးမင်းထွန်း ဝေယံနိုင်၊ ချစ်မင်းမောင်တို့  ၃ ဦးက ၀ိုင်းဝန်း လက်သီးနှင့်ထိုး ပါးရိုက်ဆဲဆိုခဲ့သည်။

အဆိုပါ ဖြစ်ပွားမှုကြောင့် မကျော့ကေခိုင်တွင် ညာဂျိုဇောင်းဖူးယောင်ဒဏ်ရာ၊ မျက်ခုံး နှစ်ခုကြား ဖူးယောင်ဒဏ်ရာ၊ မျက်ခုံးထိပ်ဖူး ယောင်ဒဏ်ရာ၊ မမေလဲ့မွန်တွင် ယာလက်ချောင်းနာ ကျင်ဒဏ်ရာ၊ မနှင်းရည်အေးတွင် ယာလက်နာကျင်ဒဏ်ရာ၊ သက်ပိုင်ထွန်းတွင် နှာခေါင်းညိုမဲဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မခင်ချိုအေး ၂၁ နှစ်၊ (ဘ) ဦးခင်ဇော်၊ Grand Royal ကုမ္ပဏီ အရောင်းဝန်ထမ်း
မကွေးမြို့နေသူမှ ရုပ်ရင်းကြမ်းတမ်းစွာ ဆဲဆိုပြီး ၀ိုင်းဝန်းထိုးကြိတ်ကန်ကြောက်သူ ဝေယံနိုင် အုန်းတော(၁)ရပ်ကွက်၊ အေးမင်းထွန်း အုန်းတော(၁)ရပ်ကွက်၊ ချစ်မင်းမောင် ရွှေကြာအင်း(၁)ရပ်ကွက် တောင်တွင်းကြီး မြို့နေသူတို့ ၃ ဦးအား ဥပဒေအရ အရေးယူပေးပါရန် ထိုနေ့ည ၁၁း၅၅ အချိန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၁၈/၂၀၁၅ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃/၂၉၄/၁၁၄ အရ အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုတိယရဲအုပ် ထက်အာကာကျော်က အမှုအား ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ယခုအခါ ဒဏ်ရာရရှိ သူများသည် တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။

BY THIT HTOO LWIN
နှမချင်းမစာနာ လက်စွမ်းပြတဲ့ တောင်တွင်းကြီးက လူငယ် ၃ ဦးကို သက်ဆိုင်ရာက ဥပဒေအရ အရေးယူလိုက်ရမှု နှမချင်းမစာနာ လက်စွမ်းပြတဲ့ တောင်တွင်းကြီးက လူငယ် ၃ ဦးကို သက်ဆိုင်ရာက ဥပဒေအရ အရေးယူလိုက်ရမှု Reviewed by သစ်ထူးလွင် on 14:21 Rating: 5
Powered by Blogger.