အိမ်ခြံမြေဈေးကွက် အေးစက်


ရန်ကုန်၊ ဇန်န၀ါရီ(၂၇)

လက်ရှိတွင် အိမ်ခြံမြေ ဈေးကွက်၌ အ၀ယ်အေးလျက်ရှိနေပြီး ကွန်ဒိုတိုက်ခန်းများ အပါအ၀င် ကန်ထရိုက် တိုက်ခန်းများအား ဈေးလျှော့၊ အတင်းချလျက်ရှိရာ လတ်တလော အနေဖြင့် အိမ်ခြံမြေဈေးမှာ တက်လာ နိုင်ဖွယ် မရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်လျက်ရှိသည်။

““အရင်ကတော့ မြေ၀ယ်ရင် မြတ်တယ်ဆိုပြီး လိုက်ဝယ်တဲ့သူများတယ်။ အခုကျတော့ မြေခွန်တွေနဲ့ ပတ်သက်ပြီး ဈေးနှုန်းတွေ မြင့်လိုက်တဲ့ အခါ ပြန်ရောင်းရင်လည်း အ၀ယ်မလိုက်တဲ့ သဘောဆိုတော့ ၀ယ်ရောင်းတွေ ပျောက်သွားတယ်၊ ၀ယ်တိုင်းမြတ်ဆိုပြီး အရင်လို စိတ်မချရတော့ဘူးလေ၊ မြေဈေးတွေ က အေးသွားတယ်၊ ကြိုပွိုင့်တွေ ပါ ပျောက်သွားတယ်”” ဟု အိမ်တော်ရာ အိမ်ခြံမြေ အကျိုးဆောင်မှ ဦးသိန်းလွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်ပါးနေခြင်းမှာ ရင်းနှီးမြှုပ်နှံသူ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအား စောင့်ကြည့်သည့် သဘောမျိုးလည်း ဖြစ်ကြောင်းကို အိမ်ခြံမြေ၀န်ဆောင်မှုအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ““အရင်ကတော့ အိမ်ခြံမြေဈေးက မဟုတ်တော့ဘူးပေါ့၊ ပုံမှန်လေးတော့ ရှိနေတာပေါ့၊ သွက်သွက်လက်လက် မဖြစ်တာတစ်ခုပဲ၊ အိမ်ခြံမြေဆိုတာကလည်း နိုင်ငံရေး အခြေအနေ တည်ငြိမ်နေတဲ့ အပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှာလေ၊ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်တဲ့ သဘောမျိုးလည်း ဖြစ်နေတယ်၊ တည်ငြိမ်မှု မရှိရင် ရင်းနှီး မြှုပ်နှံသူတွေကလည်း နည်းပါးနေ ဦးမှာပေါ့”” ဟု ဆိုသည်။

ရွှေဈေးနှုန်း မြင့်တက်နေခြင်း၊ ကားဈေးကွက် မူဝါဒ အပြောင်း အလဲကြောင့် ဈေးကွက် လှုပ်ရှားနေခြင်းများ ကလည်း အိမ်ခြံမြေဈေးကွက်ကို ပိုမိုအေးစက်စေရန် တွန်းအား ပေးလျက်ရှိသည်။

ကားဈေးနှုန်းများမှာ တစ်ပတ်လျှင် ကျပ် ၅ သိန်းနှုန်း အပြောင်းအလဲ ဖြစ်နေ သဖြင့် ရင်းနှီးမြှုပ်နှံသူအချို့ ကားဈေးကွက် ဘက်သို့ ဦးလှည့်နေသည်။

သဉ္စာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
အိမ်ခြံမြေဈေးကွက် အေးစက် အိမ်ခြံမြေဈေးကွက် အေးစက် Reviewed by သစ်ထူးလွင် on 13:23 Rating: 5
Powered by Blogger.