နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခြင်း၊ ရေးခြစ်ခြင်း ဥပဒေနှင့်ငြိစွန်း

ပုံစာ - သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးထားသည့် နိုင်ငံတော်အလံ
ရန်ကုန်၊ ဇန်န၀ါရီ ၂၈

နိုင်ငံ၏ အမှတ်တံဆိပ် ဖြစ်သော နိုင်ငံတော် အလံပေါ်တွင် လက်မှတ် ထိုးခြင်း၊ ရေးခြစ်ခြင်းများ ပြုလုပ်ခြင်းသည် ဥပဒေနှင့် ငြိစွန်းကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ပူတာအို ခရီးစဉ်အတွင်း ဧ၀ရက် တောင်တက်ရန် အတွက် ပြင်ဆင်နေသည့် မြန်မာနိုင်ငံ သား တောင်တက် သမားများကို နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုး ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးရောဘတ်စန်းအောင်က အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ် သည်။

““အလံပေါ်မှာ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ ရေးခြစ်တာပဲဖြစ်ဖြစ် အဲဒါမလုပ်ရဘူးဗျ။ အဲဒါလုပ်ရင် ဥပဒေနဲ့ ငြိစွန်းတာပဲ။ အလံဆိုတာက တိုင်းပြည်နဲ့လူမျိုးအတွက် အမှတ်တရ အထိမ်းအမှတ် အလံတော်ကို ဘယ်လို နည်းနဲ့မှ မလုပ်ရဘူး။ အလံပေါ်မှာရေးခြစ်တာ၊ လက်မှတ်ထိုးတာ၊ သင်္ကေတတစ်ခုခုကို လုပ်တာ တွေဟာ ဒါဥပဒေနဲ့ ငြိစွန်းနေတယ်”” ဟုဦးရောဘတ်စန်းအောင်က ပြောသည်။ ၂၀၁၄ ခုနှစ် မတ်လအတွင်းက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ပူတာအိုခရီးစဉ်အတွင်း ၎င်းတို့ လက်မှတ် ရေးထိုးထားသည့် နိုင်ငံတော် အလံ ကို တောင်တက်သမားများအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်း အဖွဲ့နှင့် အခမ်းအနားကို အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ထူးဖောင်ဒေးရှင်က ပြုလုပ်ပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလံပေးအပ်မှုနှင့် ပတ်သက်၍ ““ပူတာအိုမှာ သမ္မတကြီး ခရီးစဉ်မှာ သမ္မတကြီးနဲ့ တပ်ချုပ်ကြီး ကနေပြီးတော့ မြန်မာနိုင်ငံတော် အလံပေါ်မှာ လက်မှတ်ထိုးပြီးတော့ အောင်နိုင်ရေး အလံအဖြစ်နဲ့ ပေးအပ် လိုက်ပါ တယ်။ ပေးအပ်တဲ့ အလံကို ကျွန်တော်တို့ ဒီနေ့ အခမ်းအနားမှာ လည်း တောင်တက်အဖွဲ့ ၅ ယောက်ကို အဲဒီအလံကို ပေးလိုက်ပါတယ်။ သူတို့က တောင်ပေါ်တက်ပြီးတော့ မြန်မာနိုင်ငံအလံ တပ်ချုပ်ကြီးနဲ့ သမ္မတကြီး ထိုးထားတဲ့ အလံကို သူတို့က အဲဒီမှာ စိုက်ထူမှာပါ””ဟု Htoo Foundation အမှုဆောင်အရာရှိချုပ် ဦီးပေါ်မြင့်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၃ (က)တွင် နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့်သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း စသည်တို့ကို မည်သူမျှ မပြုလုပ်ရန် တားမြစ်ထားပြီး သမ္မတနှင့် ကာချုပ်က နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခဲ့သည့် ဖြစ်ရပ်အပေါ် တရားဝင် ရှင်းလင်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

““ဒါသင့်လျော်ဘူးပေါ့ဗျာ။ ဦးစီးဦးဆောင် လုပ်နေတဲ့ ရှေ့ဆောင်တဲ့ ပုဂ္ဂိုလ်တွေက ရှောင်ကြဉ်သင့်တာပေါ့။ မရှောင်ကြဉ်ရင် ပြည်သူပြည်သားတွေ မှာ စံနမူနာလို ဖြစ်သွားရင် ရှင်းရခက်လိမ့်မယ်”” ဟု ဦးရောဘတ် စန်းအောင်က မှတ်ချက်ပြု ပြောကြားသည်။

နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ““အလံပေါ်မှာ လက်မှတ်ထိုးလို့ တော့ရတယ်။ မဖွယ်မရာ လုပ်တာ မဟုတ်ရင်။ နိုင်ငံတော် အလံ ဥပဒေရှိတယ်။ နိုင်ငံတော်အလံ ဥပဒေမှာ နိုင်ငံတော် အကြီးအကဲ အဲဒီလို လက်မှတ်ထိုးရုံနဲ့ အပြစ်ရှိတယ်လို့တော့ အဲဒီလို သတ်မှတ်မထားဘူး”” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက မှတ်ချက်ပေးသည်။

လတ်တလောတွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ လမ်းလျှောက် လာနေသည့် ကျောင်းသားများက ဇန်န၀ါရီ ၂၆ ရက်က မြင်းခြံဒီဂရီ ကောလိပ် အတွင်းရှိ နိုင်ငံတော် အလံကို ဖြုတ်ချကာ ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့သည့်အတွက် မြင်းခြံ ရဲစခန်းက နိုင်ငံတော် အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ဇန်န၀ါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် တပ်မတော်က ထုတ်ဝေသည့် မြ၀တီသတင်းစာတို့တွင် ဖော်ပြပါရှိသည်။

ယင်းကဲ့သို့ နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အဆိုပါ ကျောင်းတာဝန်ရှိသူများက တားဆီးခြင်းနှင့် ယခင်ကတည်း ကပင် ကျောင်းသားသမဂ္ဂနှင့် သက်ဆိုင်သည့် ဆောင်ရွက်မှုများအား တင်းကြပ်စွာ တားမြစ်သည့် သတင်းများကြောင့် လုပ်ဆောင်ခဲ့မိခြင်းသာဖြစ်ကြောင်း အထက်ဗမာပြည် ဗကသအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။

““ကျောင်းတံခါးဖွင့်ပေးတာ တောင်မှ တချို့ဆရာ၊ ဆရာမတွေက လမ်းဖယ်မပေးဘူး။ နောက်နဂိုတည်းက ဒီကျောင်းက တင်းကျပ်တယ်ဆိုတဲ့ သတင်းတွေက အဲဒီကျောင်းမှာရှိတဲ့ သမဂ္ဂရဲဘော်တွေဆီက ကြားထား တာတွေက အကုန်လုံး ရောသွားတော့ ကျောင်းသားတွေမှာ ခံစားချက်များပြီး လုပ်လိုက်တဲ့ သဘောပဲ။ နောက်တစ်ခုကအလံကို ဖြုတ်ချပြီးတော့ နင်းချေပြီးတော့ လုပ်လိုက်တာ မဟုတ်ဘူး။ တရိုတသေ ခေါက်ပြီးတော့ ထားတာပဲ။ ဘာရည်ရွယ်ချက်နဲ့မှ လုပ်တာ မဟုတ်ဘူး””ဟု အထက်ဗမာပြည် ဗကသမှ ကိုအောင်မှိုင်းဆန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခု စွဲဆိုထားသည့် ပုဒ်မ ၁၆ မှာ ယင်းဥပဒေပါ ပုဒ်မ ၁၃၊ ၁၄၊ ၁၅ တို့မှ တစ်ခုခုအား ချိုးဖောက်ပါက ယင်းပုဒ်မဖြင့် စွဲဆိုရမည်ဟု ပြဋ္ဌာန်း ထားခြင်းဖြစ်ပြီး ပုဒ်မ ၁၃ တွင်““နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း”” ဟုပါရှိပြီး ယင်းအား မည်သူမျှ မလုပ်ရဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

“ဒီအလံကိုဖြုတ်ပြီးတော့ မီးရှို့လိုက်သလား၊ ဖျက်ဆီးသလား ကြည့်ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက် သတ်ကြီး လိုရာစွဲရင်တော့ မကောင်းဘူးပေါ့။ ကျွန်တော် နားလည်တာကတော့ အလံဥပဒေ ပုဒ်မ ၁၃မှာ ဘာနဲ့ငြိလဲ။ ပုဒ်မ ၁၄ မှာကော ဘာနဲ့ငြိလဲ။ အဲဒီအကြောင်းအရာတွေနဲ့ ဖြုတ်ချတယ်ဆိုပြီး ပုဒ်မတပ်မယ် ဆိုရင်တော့ ဖြုတ်ချတယ် ဆိုတဲ့ စကားလုံးက ဥပဒေမှာ မပါဘူး။ ရမိရရာ ပုဒ်မတပ်ပြီးတော့ ကျောင်းသား သပိတ်စစ်ကြောင်းကို နှေးကွေး သွားအောင် လုပ်တာဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ ပုဒ်မ (၁၆) က ပုဒ်မ (၁၃) (၁၄) (၁၅) ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရင် ၁၆ နဲ့ စွဲတာပေါ့””ဟု တရားလွှတ်တော် ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။ နိုင်ငံတော်အလံ မီးရှို့မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်း ဘောလုံးကစားရာတွင် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည့်အတွက် မကျေနပ်သည့် ပရိသတ်များက နိုင်ငံတော်အလံ မီးရှို့ခြင်း၊ ကွင်းအတွင်းရှိ ထိုင်ခုံများ ဖျက်ဆီးခြင်း၊ ဆီးဂိမ်းစ်ပိုစတာများ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။

ယင်းသို့ ပြုလုပ်ခဲ့မှုကြောင့် ကွင်းအတွင်း ဆင်းသက်သူ သုံးဦးနှင့် သောင်းကျန်းသူ ၆ ဦးကို သင်္ဃန်းကျွန်း ရဲစခန်းက ဖမ်းဆီးခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်၏ ညှိနှိုင်းမှုဖြင့် ဖမ်းဆီးထားသူ များအား ပြန်လွှတ်ပေးခဲ့သည့်အပြင် နေရပ်ပြန်ရန်အတွက် ခရီးစရိတ်များပင် ထုတ်ပေးခဲ့သေးသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံတွင်လည်း နိုင်ငံတော်အလံအား ပြောင်းပြန်စိုက်ထူမှု ဖြစ်ပွားခဲ့သေးရာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

MH-0030

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခြင်း၊ ရေးခြစ်ခြင်း ဥပဒေနှင့်ငြိစွန်း နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခြင်း၊ ရေးခြစ်ခြင်း ဥပဒေနှင့်ငြိစွန်း Reviewed by သစ်ထူးလွင် on 13:30 Rating: 5
Powered by Blogger.