ထားဝယ်စီမံကိန်း ပြန်အသက်ဝင်ရန် ထိုင်းနှင့် မြန်မာ ဇန်န၀ါရီတွင် MoU ချုပ်ဆိုမည်


ဘန်ကောက်၊ ဒီဇင်ဘာ ၎

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည် အသက် ၀င်လာရန် ထိုင်းနှင့် မြန်မာ အစိုးရ နှစ်ရပ်အကြား လာမည့် ဇန်န၀ါရီတွင် နားလည်မှု စာချွန်လွှာ (MoU) တစ်စောင် ချုပ်ဆို သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဒုဝန်ကြီး အာ့ခွန်က ပြောကြားသည်။

အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့ (NESDB) ၏ အတွင်းရေးမှူးချုပ်လည်း ဖြစ်သည့် ဒုဝန်ကြီး အာ့ခွန်က ထိုင်းနှင့် မြန်မာအစိုးရတို့သည် အရှေ့တောင်အာရှ၏ ရည်မှန်းချက်ဖြစ်သော ယင်းစီးပွားရေးဇုန် စီမံကိန်းကို စတင်နိုင်ရန် တွေ့ဆုံသွားမည်ဟု ဆိုသည်။

“နှစ်ဘက်အစိုးရ တာဝန်ရှိသူတွေ ဇန်န၀ါရီမှာ တွေ့ဆုံတဲ့အခါ စီမံကိန်း ဆက်ပြီး ဆောင်ရွက်နိုင်ဖို့ MoU ချုပ်ဆိုသွားမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

ယင်းစီမံကိန်း၏ အစပိုင်းတည်ဆောက်မှုများကို အီတလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ (ITD) နှင့် Rojana Industrial Park ကုမ္ပဏီတို့က အဓိက တာဝန်ယူသွားမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောသည်။

၁၀၀ စတုရန်းမိုင်း ကျယ်ဝန်းသည့် ရေနက်ဆိပ်ကမ်း ပါဝင်မည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် ရေနံလုပ်ငန်းနှင့် အခြားကြီးမားသည့် စီးပွားရေးလုပ်ငန်းများအတွက် အချက်အချာနေရာတွင် ရှိနေပြီး အင်ဒိုချိုင်းနား၏ ကမ္ဘာ့ဝင်ပေါက်သစ်ဟု ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီး ဖြစ်သည့် အီတလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ (ITD) က ညွှန်းဆိုထားသည်။

သို့ရာတွင် ယင်းစီမံကိန်းအတွက် ITD နှင့် မြန်မာအစိုးရကြား သဘောတူညီထားသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား အသုံးချရေးကဏ္ဍတို့တွင် အားနည်းချက်များရှိနေ၍ ကြန့်ကြာမှုများ ပေါ်ပေါက်လာခဲ့သည်။

အောက်တိုဘာလအတွင်းက ထိုင်းဝန်ကြီးချုပ် ပရာယုက ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ယင်းစီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ကတိက၀တ် ပြုခဲ့သည်။

ဂျပန်အပါအ၀င် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများမှာ အဆင့်သင့်ဖြစ်နေသော်လည်း ၀င်ရောက်ရန် အသေးစိတ် အချက်အလက်များဖြင့် တင်ပြလာခြင်း မရှိသေးဟု ဒုဝန်ကြီး အာ့ခွန်က ပြောသည်။

စီမံကိန်း ပြီးစီးပါက ထားဝယ်ကို အရှေ့တောင်အာရှ၏ အကြီးမားဆုံး အထူးစီးပွားရေးဇုန် အဖြစ် မြင်တွေ့ရမည် ဖြစ်ကာ ကမ္ဘာ့ရေကြောင်းလိုင်းများ ၀င်ထွက်သွားလာမှု အများဆုံး ဖြစ်သည့် မလက္ကာရေလက်ကြားအတွက် အခွင့်အလမ်း အသာဆုံး ပင်လယ်ရေနက်ဆိပ်ကမ်းကြီးလည်း ဖြစ်လာမည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

ကျော်လင်းထွန်း

__ Ref: Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ထားဝယ်စီမံကိန်း ပြန်အသက်ဝင်ရန် ထိုင်းနှင့် မြန်မာ ဇန်န၀ါရီတွင် MoU ချုပ်ဆိုမည် ထားဝယ်စီမံကိန်း ပြန်အသက်ဝင်ရန် ထိုင်းနှင့် မြန်မာ ဇန်န၀ါရီတွင် MoU ချုပ်ဆိုမည် Reviewed by သစ်ထူးလွင် on 17:00 Rating: 5
Powered by Blogger.