ဆီအုန်း စီမံကိန်းကြောင့် နစ်နာမှုများကို KNU နှင့် တိုင်းအစိုးရထံ ဒေသခံများ လက်မှတ်ထိုး တောင်းဆိုမည်


ဒီဇင်ဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။

တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ကြောင့် သိမ်းဆည်းခံ ထားရသော ဒေသခံများ၏ ဥယျာဉ်၊ ခြံမြေများ၏ နစ်နာမှုများအတွက် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တိုင်းဒေသကြီး အစိုးရထံ ဒေသခံများက လက်မှတ်ရေးထိုး တောင်းဆို သွားမည် ဖြစ်ကြောင်း သိရသည်။

လက်မှတ်ရေးထိုး တောင်းဆိုရန် ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ထားဝယ်အခြေစိုက် Southern Youth အဖွဲ့မှ တာဝန်ခံ စော ဖိုးစံက “ဒီစီမံကိန်းအတွက် ဒေသခံတွေက ဘာလျော်ကြေးမှလည်း မရဘူး။ နောက်ပြီး အခု ဆီအုန်းစိုက်ဖို့အတွက် ခုတ်ထွင် ရှင်းလင်းရေးလုပ်တဲ့အခါမှာ ရွာသားတွေကို အသိမပေးဘဲ ၀င်ရောက်လုပ်ကိုင်နေအတွက် နစ်နာတဲ့ရွာသားတွေက မကျေနပ်လို့ အခုလို လုပ်တာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် သိမ်ပြင်(တဖိုခီးသဝေါ)၊ က၀တ်၊ ဘောဆနွေး (ဘောတနော်သ ဝေါ)၊ ပျဉ်းကတိုး(ဖွီပလောသဝေါ)၊ အရိုး၊ ကော့မပြင်းအနောက်၊ ပ၀တ်ထာ၊ မရုံးက၊ ဟိန်းလတ်၊ ကုန်းသာယာ၊ ကျောက်ဆိပ် စသည့် ကျေးရွာ ၁၁ရွာမှ မြေနေရာ သိမ်းဆည်းခံရသူများ၏ လက်မှတ် ၁၄၀၀ကို ဒီဇင်ဘာလ ၄ရက်နေ့က စတင်ကောက်ယူ ထားကာ ဒီဇင်ဘာလမကုန်ခင် တောင်းဆိုတင်ပြသွားမည်ဟု စောဖိုးစံက ဆက်ပြောသည်။
MSPP project area
ထိုသို့ တောင်းဆိုရာတွင် ဒေသခံများက သိမ်ဆည်းခံရသော ဥယျာဉ်၊ ခြံမြေများတွက် လျော်ကြေးပေးဆောင်ရန်နှင့် လက်ရှိ ၎င်းတို့ပိုင်ဆိုင်ထားသည့် မြေနေရာများကို ပြန်လည်သတ်မှတ်ပြီး မည်သူမျှ ၀င်ရောက်ခုတ်ထွင် ရှင်းလင်းခြင်း မပြုရန် စသည့်အ ချက် (၂)ချက်ကို အဓိကထား တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းကို မလေးရှားနိုင်ငံ Myanmar Stark Prestige Plantation Co.Ltd (MSPP) ကုမ္ပဏီက အစိုးရခွင့် ပြုချက်ဖြင့် ၂၀၁၁ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၄၅၇/၂၀၁၁ အရ တနင်္သာရီမြို့နယ် က၀က်-ကော့မပြင်း ဧရိယာတွင်းရှိ မြေနေရာဧက ၄၂၂၀၀ကို ရရှိထားကာ ဧက ၂၀၀၀ကို ခုတ်ထွင်ရှင်းလင်းပြီး စီမံကိန်းဖော်ဆောင် ပြီးစီးခဲ့သည်ဟု Southern Youth အဖွဲ့က ဆိုသည်။

စီမံကိန်းလုပ်ခွင့်ရထားသည့် မြေနေရာအများစုသည် KNU ဘိတ်-ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသလို ၎င်းဒေ သရှိ လူထုများ တွေ့ကြုံနေရသော ပြဿနာများအပေါ် KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က “လူထုတွေက မကြိုက်ဘူးလို့ ကြားရတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ လူထုတွေ တောင်းဆိုတဲ့အပေါ်မှာ ဒီလို ခုတ်ထွင်ရှင်းလင်း တာတွေ ဆက်မလုပ်ဖို့ အကုန်လုံးကို ပိတ်လိုက်ပါပြီ”ဟု ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း လက်ရှိ ဆီအုန်းစီမံကိန်း ဖော်ဆောင်ပြီးသည့် မြေဧက ၂၀၀၀ဧရိယာအတွင်း၌ ဘောဆနွေးရွာရှိ အိမ် ထောင်စု ၄၀ကျော်နှင့် သိမ်ပြင်ရွာရှိ အိမ်ထောင်စု ၈စုတို့မှ စိုက်ပျိုးထားသော ကွမ်းသီးပင်၊ သီဟိုဠ်ပင်၊ အုန်းပင်များ ဖျက်ဆီးခံရ သလို ၎င်းတို့၏ ဥယျာဉ်၊ ခြံမြေများ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC News
http://kicnews.org
ဆီအုန်း စီမံကိန်းကြောင့် နစ်နာမှုများကို KNU နှင့် တိုင်းအစိုးရထံ ဒေသခံများ လက်မှတ်ထိုး တောင်းဆိုမည် ဆီအုန်း စီမံကိန်းကြောင့် နစ်နာမှုများကို KNU နှင့် တိုင်းအစိုးရထံ ဒေသခံများ လက်မှတ်ထိုး တောင်းဆိုမည် Reviewed by သစ်ထူးလွင် on 04:56 Rating: 5
Powered by Blogger.