ISIS ထိန်းချုပ်ထားသည့် နယ်မြေများမှ စွန့်ခွာ၍ နေရပ်သို့ပြန်ရန် ကြိုးပမ်းခဲ့သည့် ပြည်ပနိုင်ငံမှ စစ်သွေးကြွအဖွဲ့ဝင် ၂၀၀ ခန့် ဒုတိယ အကြိမ် ကွပ်မျက်ခံရ


လန်ဒန် ၊ ၃၁-၁၂-၂၀၁၄

ISIS စစ်သွေးကြွ များသည် ၄င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေများမှ စွန့်ခွာ၍ နေရပ်သို့ ပြန်ရန် ကြိုးပမ်းခဲ့သည့် စစ်သွေးကြွ အဖွဲ့ဝင် ၂ဝဝ ခန့်ကို ကွပ်မျက် ခဲ့သည်ဟု ဒေသတွင်း သတင်းဌာန တစ်ခုက ယမန်နေ့ တွင် ဖော်ပြခဲ့သည်။

ကွပ်မျက်ခံ ရသည့် စစ်သွေးကြွ အဖွဲ့ဝင် အများစုမှာ ပြည်ပနိုင်ငံ များမှ လာရောက် ပူးပေါင်းခဲ့သူများ ဖြစ်ပြီး ၄င်းတို့သည် ISIS စစ်သွေးကြွ များ၏ လုပ်ဆောင်ချက် များကို မျက်မြင် ကိုယ်တွေ့ တွေ့ရှိပြီးနောက် ၄င်း အဖွဲ့မှ ထွက်ခွာရန် ကြိုးပမ်းခဲ့ သူများ ဖြစ်ကြောင်း လန်ဒန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ စစ်သွေးကြွ အဖွဲ့၏ ထုတ်ပြန်ချက် အရ အဖွဲ့အတွင်းမှ စွန့်ခွာလိုသူအဖွဲ့ဝင် ၁၂ဝ ကို ကွပ်မျက် ခဲ့သည်ဟု ထုတ်ပြန်ထား သော်လည်း အမှန်တကယ် သတ်ဖြတ်ခံ ရသူဦးရေ ၂ဝဝ နီးပါး ရှိကြောင်း သိရသည်။

သို့ရာတွင် ကွပ်မျက်ခံရ သူများ၏ နိုင်ငံသားနှင့် အသက်အရွယ် ကို အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း၊ သို့ရာတွင် ၄င်းတို့အနက် အချို့မှာ ဥရောပ တိုက်သားများ ဖြစ်ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန် ထားသည်။

ISIS စစ်သွေးကြွ များသည် ၄င်းတို့ သိမ်းပိုက်ခဲ့သည့် နယ်မြေများတွင် ပြည်သူများကို ခေါင်းဖြတ် သတ်ဖြတ်ခြင်း နှင့် အခြား ပြစ်မှုများဖြင့် မတရား သတ်ဖြတ်ခြင်း များကို လုပ်ဆောင် ခဲ့ကြောင်း၊ ၄င်း စစ်သွေးကြွ များသည် ယခုအခါ ဆီးရီးယား နိုင်ငံအတွင်းရှိ ဒေသအချို့ကို သိမ်းပိုက်ထားပြီး ယင်းဒေသ များတွင်လည်း လူသားချင်း စာနာမှု မရှိသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ခြင်း ကြောင့်ယင်းအဖွဲ့မှ အဖွဲ့ဝင်များမှာ ၄င်းတို့၏ နေရပ်သို့ပြန်ရန် ကြိုးပမ်း ခဲ့ဖွယ်ရှိသည်။

ကုလသမဂ္ဂ အဖွဲ့၏ ထုတ်ပြန်ချက် အရ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် နိုင်ငံ အများအပြားမှ လူပေါင်း ၁၅ဝဝဝ ခန့်သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ အဆိုပါ စစ်သွေးကြွ များရှိရာ ဒေသသို့ သွားရောက်ခဲ့ ကြကြောင်း သိရသည်။

ISIS စစ်သွေးကြွ များသည် ယခုလ အစောပိုင်းတွင်လည်း ပူးပေါင်း နိုင်ငံခြားသား စစ်သွေးကြွ ၁၀၀ ခန့်ကို  ဌာနချုပ် စခန်းများမှ ထွက်ပြေးရန် ကြိုးပမ်းမှုဖြင့် ရက်ကာမြို့ တွင် ကွပ်မျက်ခဲ့ သေးကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/isis_30.html
ISIS ထိန်းချုပ်ထားသည့် နယ်မြေများမှ စွန့်ခွာ၍ နေရပ်သို့ပြန်ရန် ကြိုးပမ်းခဲ့သည့် ပြည်ပနိုင်ငံမှ စစ်သွေးကြွအဖွဲ့ဝင် ၂၀၀ ခန့် ဒုတိယ အကြိမ် ကွပ်မျက်ခံရ  ISIS ထိန်းချုပ်ထားသည့် နယ်မြေများမှ စွန့်ခွာ၍ နေရပ်သို့ပြန်ရန် ကြိုးပမ်းခဲ့သည့် ပြည်ပနိုင်ငံမှ စစ်သွေးကြွအဖွဲ့ဝင် ၂၀၀ ခန့် ဒုတိယ အကြိမ် ကွပ်မျက်ခံရ Reviewed by သစ်ထူးလွင် on 11:11 Rating: 5
Powered by Blogger.