ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ဒီဇိုင်းပြုလုပ် ဖော်ပြ ခဲ့သည့် Buddha.bar အား အရေးယူ ပိတ်သိမ်း





လူမှုကွန်ယက်တွင် ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ဒီဇိုင်းပြုလုပ် ဖော်ပြ ခဲ့ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အချိန်နှင့် တစ်ပြေးညီ အမှုဖွင့် အရေးယူ ဆောင်ရွက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ဗုဒ္ဓရုပ်ပွား ပုံတော်ပေါ်၌ VGastro.bar, Buddha.bar ဟုရေးသားကာ ရုပ်ပွားတော်၏ နားတော်တွင် Ear Phone တပ်ဆင်ထားသည့် သဏ္ဍာန်ဒီဇိုင်း ပြုလုပ်ရေးဆွဲ၍ ဖော်ပြခဲ့သဖြင့် လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ပြုလုပ်ရေးဆွဲ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရလျင်ရချင်း ၁၀.၁၂.၂၀၁၄ နေ့ ၁၇၁၅ အချိန်တွင် အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်၊ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းစိန်၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်၊ ဗဟန်းမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲစိုးမြင့်၊ ဗဟန်းမြို့မ ရဲစခန်းမှူးနှင့် သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောအဖွဲ့မှ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ရွှေတောင်ကြား
လမ်းရှိ VGastro Bar သို့ရောက်ရှိကာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ VGastro Bar ၏ ဆိုင်ပိုင်ရှင်မှာ ထွန်းသူရိန်၊ မန်နေဂျာမှာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာမှာ နယူးဇီလန်နိုင်ငံသား Mr.Philip တို့ဖြစ်ကြောင်းသိရှိရပြီး အဆိုပါ ဗုဒ္ဓရုပ်ပွားပုံတော်အား Mr.Philip မှ လူမှုကွန်ယက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ပြုလုပ်ရေးဆွဲ ဖော်ပြခဲ့မှု နှင့်ပတ်သက်၍ ၂၀၀၀ အချိန်တွင် ၎င်း VGastro Bar ဆိုင်အား ပိတ်သိမ်းထားရှိပြီး တာဝန်ရှိသူ ထွန်းသူရိန်၊ ထွဋ်ကိုကိုလွင်နှင့် နယူးဇီလန်နိုင်ငံသား Mr.Philip တို့အား ၂၀၀၅ အချိန်တွင် ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က ဖြင့် အမှုဖွင့်လှစ်ကာ ၂၀၃၀ အချိန်တွင် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ထိုကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းမှာ ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ဖြစ်သဖြင့် ထိရောက်စွာအရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၁၈၈ ဖြင့်လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဆိုင်အားချိပ်ပိတ် သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ဒီဇိုင်းပြုလုပ် ဖော်ပြ ခဲ့သည့် Buddha.bar အား အရေးယူ ပိတ်သိမ်း ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ဒီဇိုင်းပြုလုပ် ဖော်ပြ ခဲ့သည့် Buddha.bar အား အရေးယူ ပိတ်သိမ်း Reviewed by သစ်ထူးလွင် on 22:36 Rating: 5
Powered by Blogger.