ယာဉ်အို ယာဉ်ဟောင်း ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာပြီး ဇုန်ထုတ်ယာဉ် ဈေးနှုန်း ပြန်လည် မြင့်တက်လာ


ရန်ကုန် ဒီဇင်ဘာ ၁၄

ရန်ကုန် မော်တော်ယာဉ် ဈေးကွက်အတွင်း သက်တမ်း ၂ဝ ကျော် ကြာမြင့်နေပြီ ဖြစ်သော အပ်နှံခွင့်ရ ယာဉ်အိုယာဉ်ဟောင်း ဈေးနှုန်းများမှာ ဆက်တိုက် ကျဆင်းလာသော်လည်း စက်မှုဇုန်ထုတ် မော်တော် ယာဉ် ဈေးနှုန်း များမှာ ပြန်လည် မြင့်တက်လာကြောင်း သီရိမင်္ဂလာဈေးဟောင်း မော်တော်ယာဉ် ရောင်း ဝယ်ရေး စခန်းအတွင်း ရှိ မော်တော်ယာဉ် အရောင်းအဝယ် ဈေးကွက်မှ သိရသည်။

ယခုအခါ အပ်နှံခွင့် ရရှိပြီး အစားထိုးယာဉ် တင်သွင်းခွင့် ရရှိထားသည့် သက်တမ်း ၂ဝ ကျော်ကြာ ယာဉ်အို ယာဉ်ဟောင်း ဈေးနှုန်း များမှာ ငွေကျပ် ၅၄ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး စက်မှုဇုန်ထုတ် မော်တော် ယာဉ် ဈေးနှုန်းမှာ ငွေကျပ် ၃၈ သိန်း ဝန်းကျင်မှ ၄၃ သိန်းအထိ မြင့်တက်လာကာ မော်တော်ယာဉ် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ပေါ်လျက် ရှိကြောင်း သီရိမင်္ဂလာ ဈေးဟောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းရှိ မော်တော်ယာဉ် အကျိုးဆောင် ဦးသိန်းဌေး၏ ပြောပြချက် အရ သိရသည်။

ယာဉ်အိုယာဉ်ဟောင်း ဈေးနှုန်းများမှာ ယခင်က ငွေကျပ် သိန်း ၁ဝဝကျော်အထိ ဈေးနှုန်း မြင့်တက်ခဲ့သော်လည်း ယခုအခါ တဖြည်းဖြည်း ဈေးနှုန်းများ ကျဆင်းလာသကဲ့သို့ အရောင်းအဝယ် ပြုလုပ်သူများ ရှားပါးလာခြင်းကြောင့် ဈေး ကွက်ပျက်ပြီး ဈေးနှုန်းများ ကျဆင်းလာခြင်း ဖြစ်ကြောင်း မော်တော်ယာဉ် ဈေးကွက် လေ့လာသူ အများစုက သုံးသပ်ကြသည်။

ထို့အပြင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သက်တမ်း ၂ဝ ကျော်ရှိသည့် ယာဉ်အိုယာဉ်ဟောင်းများ၊ စက်မှုဇုန်ထုတ် ယာဉ်များကို ဒီဇင်ဘာ ၃၁ ရက်အထိသာ နောက်ဆုံး အပ်နှံခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်ပမှ တင်သွင်းသည့် ယာဉ်များ၏ မှတ်ပုံတင်ခကိုလည်း လျှော့ချမှုများ ပြုလုပ်သွားမည် မဟုတ်ဘဲ အစားထိုး ယာဉ် တင်သွင်းမှုများကိုသာ ပြုလုပ်သွားတော့မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ယာဉ်အို ယာဉ်ဟောင်း ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာပြီး ဇုန်ထုတ်ယာဉ် ဈေးနှုန်း ပြန်လည် မြင့်တက်လာ ယာဉ်အို ယာဉ်ဟောင်း ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာပြီး ဇုန်ထုတ်ယာဉ် ဈေးနှုန်း ပြန်လည် မြင့်တက်လာ Reviewed by သစ်ထူးလွင် on 16:21 Rating: 5
Powered by Blogger.